Connect with us

Culture & Entertainment

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မြန်မာ့သနပ်ခါးညီလာခံနှင့် သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲ ကျင်းပ

မြန်မာ့သနပ်ခါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့ ပူးပေါင်းပြီး မြန်မာ့သနပ်ခါးညီလာခံနှင့် သဘာဝသနပ်ခါး ထုတ်ကုန် ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ယနေ့နိုဝင်ဘာ ၇ ရက်ကစတင်ကျင်းပလျက်ရှိပြီး နိုဝင်ဘာ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သနပ်ခါးညီလာခံနှင့် ပြပွဲကို သနပ်ခါးစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် သနပ်ခါး တန်ဖိုးမြှင့် ထုတ်ကုန်များကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်၊ ဈေးကွက်ချိတ်ဆက်မှုအသစ်များ ရရှိစေရန်၊ သနပ်ခါးထုတ်ကုန်များ ကို စိတ်ဝင်စားသူများ တစ်နေရာတည်းတွင် လာရောက်လေ့လာနိုင်ရန်နှင့် နိုင်ငံခြားဈေးကွက်များ ဖန်တီးရရှိစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သနပ်ခါးညီလာခံတွင် စာတမ်းဖတ်ပွဲများ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ သနပ်ခါးထုတ်ကုန်များဖြစ်သော သနပ်ခါးတုံးများနှင့် မျိုးစေ့များ၊ အပင်များ၊ သဘာဝသနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်များအပြင် မုံရွာဒေသထုတ်ကုန်များ၊ အဝတ်အထည်များ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် သဘာ၀ထုတ်ကုန်များကိုပါ ပြသထားကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့် ယနေ့ နိုဝင်ဘာ ၇ ရက်မှ ၉ ရက် အတွင်း နံနက် ၉ နာရီမှ ည ၉ နာရီအထိ လာရောက်လေ့လာနိုင်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)