Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်၌ မသိုးသင်္ကန်းရက် ပြိုင်ပွဲ ကျင်းပ 

ရွှေတိဂုံ စေတီတော်၌ မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ရွှေတိဂုံစေတီတော်၌ မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအရ ကျင်းပမြဲ ဖြစ်သော ၃၅ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား ရွှေတိဂုံ စေတီတော် ရင်ပြင် (အောင်မြေ)၌ ယနေ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှ စတင် ကျင်းပခဲ့ကြောင်း သိရသည်။

မသိုးသင်္ကန်း ရက်လုပ် ကပ်လှူ ပူဇော်ပွဲကို ကျင်းပခြင်းဖြင့် မြန်မာ့ ယဉ်ကျေးမှု ရိုးရာ ဓလေ့ကို ထိန်းသိမ်း ထားရှိ နိုင်ရန် ၊ ရွှေတိဂုံ စေတီတော် မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသောဘုရားဖူးအလှူရှင်များအနေဖြင့် မသိုး သင်္ကန်း ဆက်ကပ် လှူဒါန်း ရသော ကုသိုလ်ကောင်းမှုများ အတွက် လောကီ ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုး စီးပွါးကို တိုးပွားရရှိစေရန် ၊ မြန်မာ့ရိုးရာ ရက်ကန်းပညာကို တန်ဘိုးထားပြီး အစဉ်အလာ မပျက် ထိန်းသိမ်း ထားနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

ရွှေတိဂုံ စေတီတော်၌ မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရက်ကန်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား တန်ဆောင်မုန်းလဆန်း ၁၄ ရက်(အဖိတ်နေ့)ဖြစ်သည့် နိုဝင်ဘာ ၁၀ ရက် ညနေ ၅ နာရီ အချိန်တွင် ရင်ပြင်တော် ရာဟုထောင့်အောင်မြေ၌ အခမ်းအနား ဖွင့်လှစ်ပြီး တစ်ချိန်တည်းမှာပင် ရက်ကန်း စတင် ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲအား ည ၉ နာရီ အချိန်ထိ ကျင်းပပြီးနောက် ည ၁၀ နာရီ အချိန်တွင် ပြိုင်ပွဲဝင် အသင်းများအား ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော်၌ မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရွှေတိဂုံ စေတီတော်၌ မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုနောက် မသိုးသင်္ကန်း လှည့်လည် ကပ်လှူပူဇော်ပွဲအခမ်းအနားအား တန်ဆောင်မုန်း လပြည့်နေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၃ နာရီခွဲ အချိန်တွင် ရင်ပြင်တော်ရာဟုထောင့်  အောင်မြေမှစတင်ထွက်ခွာပြီး သတ်မှတ် နေရာများ အလိုက် မသိုး သင်္ကန်းတော်များအား ဆက်ကပ် ပူဇော်မည် ဖြစ်ကြောင်း သိရသည်။ရွှေတိဂုံစေတီတော်၌ နှစ်စဉ် တန်ဆောင်မုန်းလ ရောက်တိုင်း မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာ နှင့် အညီ မသိုးသင်္ကန်းများ ရက်လုပ်ပြီး ဗုဒ္ဓရုပ်ပွါးတော်များအား ကပ်လှူပူဇော်ကြကြောင်း သိရသည်။(Xinhua)