Culture & Entertainment
တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်မြို့နယ်အတွင်း ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်မည်
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်မြို့နယ်အတွင်း ကျေးရွာအခြေပြုခရီးသွား လုပ်ငန်း များကို လာမည့်ပွင့်လင်းရာသီတွင် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ချင်းပြည်နယ်တွင်းရှိ အထင်ကရ၊ အမှတ်တရနေရာဖြစ်သော သဘာဝတောတောင်များကို ခံစား အပန်းဖြေနိုင်သည့် နေရာများအပြင် ကျေးလက်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာအစားအစာများ၊ ရိုးရာလက်မှု အနုပညာထုတ်ကုန်များ၊ လူနေမှုစနစ်နှင့် မိရိုးဖလာနေထိုင်မှုများကို လေ့လာနိုင်ရန် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန်များ၊ သဘာဝရေကန်များ၊ လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များအပြင် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်ပုံများကိုပါ လေ့လာနိုင်သော ဒေသဖြစ်သည့်အတွက် အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်နိုင် သည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)