Connect with us

Culture & Entertainment

ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ဥပဒေ ၁၆ ခု အတည်ပြုနိုင်ခဲ့

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် ယနေ့  ညနေ သတင်းစာ ရှင်းပွဲ၌ မီဒီယာများအား ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၅၄ ရက်တာ ကာလတွင် ဥပဒေကြမ်း ၃၃ ခုတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ရာ၌ ၁၆ ခုကို အတည်ပြုနိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြောကြားခဲ့သည်။

“ဒီအစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြ မေးခွန်း ၃၁၀ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၇၂၉ ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ အရေးကြီးအဆို နှစ်ခုအပါအဝင် အဆို ၂၃ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ၁၁ ခုနဲ့ မှတ်တမ်းတင် အဆို ၁၂ ခုတို့ဖြစ်ကြပါတယ်၊ ဆွေးနွေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း ၃၃ ခု ရှိပြီး ၁၆ ခုကို အတည်ပြုနိုင်ခဲ့ပါတယ်၊ ဆောင်ရွက်ရန် ကျန် ဥပဒေကြမ်းက ၁၇ ခု ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

လွှတ်တော်က ပြဌာန်းလိုက်သည့် ဥပဒေများနှင့် ပတ်သက်ပြီး ပြည်သူလူထုကို အကာအကွယ်ပေးနိုင် သည့် ဥပဒေများ ဖြစ်ရန် အထူးသတိပြုကြစေလိုကြောင်း၊ သို့မဟုတ်ဘဲ တင်းကျပ်သည့် ဥပဒေများ ဖြစ်နေပါက ပြင်းထန် သည့် အုပ်ချုပ်မှု ပုံစံနှင့် ဥပဒေအရ အုပ်ချုပ်ခြင်း ပုံစံ (By the Law) သို့ ဦးတည်သွားမှာ ဖြစ်ကြောင်း၊ အခြေခံ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်သည့် လူထု အကျိုးပြု ဥပဒေ ဖြစ်မှသာ ပြည်သူက အားကိုး ယုံကြည်လာမှာ ဖြစ်ကြောင်း၊ ပြည်သူလူထုက ယုံကြည် အားကိုး လေးစား တန်ဖိုးထားရသူများ အဖြစ် ပြုမူ ပြောဆို နေထိုင်သွားကြဖို့ အထူး လိုအပ်ပါကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များအားနှုတ်ဆက် စကား ပြောကြားခဲ့ သည်။

ထို့အပြင် ၎င်းက “ဒီမိုကရေစီကို တစ်နည်းနညည်းနဲ့ နှောင့်ယှက် ဖျက်ဆီးလိုသူများရဲ့ အန္တရာယ် ကိုလည်း မျက်ခြည်မပြတ် သတိပြု ကာကွယ်ပေးကြပါ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်း ကြောင်းမှသွေဖည်မသွားအောင်တရားဥပဒေစိုးမိုးရေး ရပ်ရွာ အေးချမ်းသာယာရေး ပျက်ပြားစေ နိုင်တဲ့ အကြမ်းဖက်မှု အန္တရာယ်များကိုလည်း အသိတရား လက်ကိုင်ထားပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်း တားဆီး ဖယ်ရှားပေးကြပါ” ဟု လွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.