Culture & Entertainment
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စီးပွားရေးအရ ဓာတ်ပုံ ၊ ဗီဒီယို ၊ ရုပ်ရှင်ရိုက်ကူးမှုများအတွက် တရားဝင်ခွင့်ပြုချက် တောင်းခံရမည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စီးပွားရေးအရ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း များအတွက် အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ခွင့်ပြုချက် တောင်းခံကာ တရားဝင် ခွင့်ပြုချက် ရရှိမှသာ ရိုက်ကူးကြရမည် ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုအခါ ပုဂံ ယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တိုးတက်များပြား လာခဲ့သည်။ ထိုသို့ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တိုးတက်များပြား လာသည်နှင့် အတူ အချို့သော ခရီးသွားများမှာ ပုဂံယဉ်ကျေးမှု နယ်မြေနှင့် စေတီပုထိုး များတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသော ပြုမူ နေထိုင်မှုများ၊ ဓာတ်ပုံ ဗီဒီယို ရိုက်ကူးမှုများကို ပြုလုပ်လာခဲ့ ကြသည်။
ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီပုထိုး များတွင် မြန်မာ့ယဉ်ကျေးမှု နှင့် သင့်လျော်ခြင်း မရှိသည့် ဓာတ်ပုံ ၊ ဗီဒီယိုနှင့် ရုပ်ရှင်ရိုက်ကူးမှု များကို သာသနာတော် ညှိုးနွမ်းစေမှုနှင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ အသိပေး နှိုးဆော်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း စီးပွားရေးအရ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ရုပ်ရှင် ရိုက်ကူးမှုများ အတွက် အသိပေးချက်များ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)