Connect with us

Culture & Entertainment

မတ် ၁ ရက်မှ စပြီး နွေရာသီစတင်ဝင်ရောက်၊ ၂၀၂၂ ခုနှစ်နွေရာသီက ပူ၍ စိုစွတ်နိုင်

ရန်ကုန်မြို့လယ်၌ နေပူထဲတွင် ထီးဆောင်း၍ သွားလာနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

မတ် ၁ ရက် ကစ၍ နွေရာသီကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နွေရာသီသည် ပူပြင်းစိုစွတ် နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၄ ရက်တွင် ပြောသည်။“ဒီနှစ်နွေကတော့ ပူလည်းပူမယ်၊ လာနီညာ ဖြစ်စဉ်ရှိနေသေးတော့ မိုးလည်းရွာမယ် ။ ပူလိုက်မိုးရွာလိုက်ဆိုတော့ အရမ်းတော့ မပူနိုင်ဘူးလို့ ခန့်မှန်းရတယ်။ လာနီညာ သက်ရောက်မှု ရှိတော့ အရင်နှစ်တွေက မိုး ၂ ကြိမ် ၃ ကြိမ်ရွာရင် အခုက ၄ ကြိမ်၊ ၅ ကြိမ်ရွာမယ်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေက မိုးရွာတာပိုမယ်။ မိုးရွာတဲ့အကြိမ်အရေအတွက် များလာမှာဖြစ်လို့ အပူက နည်းနည်းသက်သာမယ်’’ ဟု ဦးလှထွန်းက ပြောသည်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကာ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
“ပူလိုက်၊ မိုးရွာလိုက်ဆိုတော့ မိုးသီးကြွေတာ ပိုဖြစ်နိုင်တော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ကိုသိရှိနိုင်ဖို့ မိုးလေဝသသတိပေးချက်တွေကို နားထောင်ကြဖို့ ပြောချင်ပါတယ်’’ ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.