Culture & Entertainment
မြစေတီ ကျောက်စာ နှင့် အလောင်းမင်းတရား ၏ ရွှေပေလွှာတို့ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်ခံရ
ရန်ကုန်၊အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အပြည်ပြည် ဆိုင်ရာ အကြံပေး ကော်မတီ ၏(၁၂) ကြိမ်မြောက် အစည်းအဝေး တွင် ၂၀၁၅-ခုနှစ် အတွက် မြန်မာနိုင်ငံ မှ တင်သွင်း သော မြစေတီ ကျောက်စာ၊ ဟန်နိုဗာမြို့ Gottfried Wihelm Leibniz Library ရှိ အလောင်းမင်း တရားကြီး ၏ ရွှေပေလွှာ မှတ်တမ်း အမွေအနှစ် တို့အား ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်လိုက်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ အောက်တိုဘာလ ( ၆ ) ရက်နေ့ အထိ ကျင်းပသော ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် တွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် လျှောက်ထားမှုပေါင်း (၈၈) ခုအနက်မှ မြန်မာနိုင်ငံ မှ ၂ ခု အပါအဝင်(၄၇)ခုကို ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် အတည်ပြုခဲ့ ကြောင်း သိရသည်။
ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်ခံရသော မြစေတီ ကျောက်စာ (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)
မှတ်တမ်း အမွေအနှစ် ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက် နှင့် မော်ကွန်း တိုက်ဆိုင်ရာ စုဆောင်း မှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဘိုး မဖြတ်နိုင်သောစာအုပ်များ၊ သတင်း စာများ၊ ဓာတ်ပုံ နှင့် ပန်းချီကားများ၊ ဖလင်များ၊ အသံ နှင့် ဗီဒီယို အခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက် စာတမ်း အထောက် အထားများ စသည်တို့ ဖြစ်ပါသည်။
ယူနက်စကို မှ ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ရှိနေသော မှတ်တမ်း အမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို ၏ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။
ယူနက်စကို ၏ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ယခု အချိန်အထိ ကမ္ဘာတစ်ဝှမ်း မှ မှတ်တမ်း အမွေအနှစ် ပေါင်း (၃၄၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ် ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တီမောလက်စတီ နှင့် ထိုင်းနိုင်ငံ တို့မှ မှတ်တမ်း အမွေအနှစ် များလည်း ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရပြီး ဖြစ်ပါသည်။
မြစေတီ ကျောက်စာသည် မြန်မာသမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဘာသာ စာပေလောက တို့တွင် အထူးထင်ရှား၍ အရေးပါသော ကျောက်စာဖြစ်ပြီး ၊ ထိုကျောက်စာအား သက္ကရာဇ်(၄၇၅) (အေဒီ-၁၁၁၃)ခုတွင် ရေးထိုးခဲ့ပါသည်။ မြန်မာ အက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာ တို့တွင်ရေးထိုးနှစ် ပါရှိသည့် အစောဆုံး မူလ ထိုးကျောက်စာ တစ်ခုဖြစ်ခြင်း၊ အကြောင်းအရာ တစ်မျိုး တည်းကို ကျောက်စာ မျက်နှာလေး ဘက်တွင် မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ ဟူ၍ လေးဘာသာ အက္ခရာစာ များ ဖြင့်ရေး ထိုးထားခြင်းကြောင့် တစ်ဘာသာ နှင့် တစ်ဘာသာ နှိုင်းယှဉ် ဆက်စပ် ၍ အဓိပ္ပယ်ဖော်ယူ နိုင်ပြီး ပုဂံခေတ် တွင်ပေါ်ထွန်းခဲ့သော စာအရေးအသား လေးမျိုးစလုံး ကို လေ့လာ သုတေသန ပြုနိုင်ခဲ့ပါ သည်။
ယခုနှစ် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း သို့ တင်သွင်းမှု များအနက် မြန်မာဘုရင် အလောင်း ဘုရား က ဗြိတိန် ဘုရင်ဂျော့-၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာရွက်ကို ဂျာမနီနိုင်ငံ က ကမ္ဘာ့ မှတ်တမ်းအမွေ အနှစ်စာရင်းသို့ တင်သွင်း ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘက်သို့ သဘောထား တောင်းခံပြီး မြန်မာနိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲတင်ပြခြင်း ဖြစ်ပါသည်။
ဤ ရွှေပေလွှာကို ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက် တွင် ထိန်းသိမ်း ထားရှိသည့် အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာ သည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်း မင်းတရားကြီး က ဗြိတိန်ဘုရင်ဂျော့-၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန် အတွက် အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီးကျွန်းပေါ်တွင် နေထိုင်ခွင့်ပြုထားကြောင်း၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် လွတ်လပ်သော ပြည်ထောင် မင်းအချင်းချင်း တန်းတူညီမျှဖြင့် ပေးပို့သော သဝဏ်လွှာ ဖြစ်ပြီး ဗြိတိန်ဘုရင်ဂျော့-၂ က ၎င်း မွေးဖွားရာ ဇာတိဖြစ်သော ဟန်နိုဗာမြို့စာကြည့်တိုက် သို့ လွဲပြောင်း ပေးခဲ့၍ ထိန်းသိမ်း ထားခဲ့ခြင်းဖြစ်ပါသည်။
ရွှေပေရွက်လွှာ မှာ အရည်အသွေး ကောင်းသော ရွှေ ကို ပါးလွှာအောင် အပြားခတ် ထားပြီး မြန်မာဘာသာဖြင့် ကညစ်ခြစ် ရေးသားထားကာ ဆင်စွယ် ဖြင့်ပြု လုပ်ထားသော ကြုတ်အတွင်းလိပ်၍ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
ရွှေပေရွက်လွှာ သည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာ ရှိပြီး အစွန်းနှစ်ဘက် ထိပ်တွင် ပတ္တမြား (၁၂) လုံးစီ စုစုပေါင်း (၂၄)လုံး တပ်ဆင် ထားပါသည်။သဝဏ်လွှာ ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော် ဟင်္သာပုံ ကို ဖောင်းကြွခတ် နှိပ်ထား ပါသည်။ရွှေပေရွက်လွှာ တွင် စာကြောင်းရေ (၁၀) ကြောင်းပါရှိပါသည်။ ရွှေပေရွက်လွှာ ပေးပို့သော ရက်စွဲမှာ ၁၇၅၆ ခု၊ မေလ (၇) ရက်နေ့ ဖြစ်ပါသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန မှ တာဝန်ရှိသူက “၂၀၁၃-ခုနှစ် မှာ ကုသိုလ်တော် ကျောက်စာ ကို စတင်ပြီး ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခံ ရခဲ့တယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ခံရတဲ့ ကမ္ဘာ့အဆင့် မှတ်တမ်း အမွေအနှစ် ပစ္စည်းတစ်ခု ထပ်မံပိုင်ဆိုင်တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။ (Xinhua)