Connect with us

Culture & Entertainment

မြန်မာနိုင်ငံတစ်ဝန်း သီတင်းကျွတ်ပွဲတော် ကျင်းပဆင်နွှဲ

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အထက် ကောင်းကင်ယံသည် အောက်တိုဘာ ၁၇ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်က အရောင်အသွေးတောက်ပသော ပန်းချီကားတစ်ချပ်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဝင်းလက်တောက်ပနေသောအလင်းရောင်များဖြင့် ညအချိန်တွင် လင်းထိန်နေလျက်ရှိပြီး မီးရှူးမီးပန်းပစ်ဖောက်သံများနှင့်အတူ  လူအုပ်၏ စိတ်လှုပ်ရှားဖွယ် အာမေဒြိတ်သံများနှင့် ရယ်မောသံများက လေထုထဲတွင်ပဲ့တင်ထပ်နေခဲ့သည်။

ညကောင်းကင်ယံတွင် မီးရှူးမီးပန်းများက ဆယ်မိနစ်ခန့်အကြာ ရှုမငြီးဖွယ် ထွန်းလင်းတောက်ပနေခဲ့ပြီး လပြည့်ညတွင် ရန်ကုန်မြို့၌ အကြီးမားဆုံးသော သီတင်းကျွတ်ပွဲတော် အခမ်းအနားဖြစ်လာခဲ့သည်။ယင်းအခမ်းအနားသို့ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များနှင့် အလွှာအသီးသီးမှ ပြည်သူများ ထောင်နှင့်ချီ၍ စုရုံးဆင်နွှဲခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းလည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပျော်ပွဲရွှင်ပွဲလာရောက်သူများအနက် မိဘများနှင့်အတူ ဖျာပုံမြို့မှ လာရောက်ခဲ့သူ အသက် ၂၁ နှစ် အရွယ် မဝိုင်းချစ်လည်း ပါဝင်ခဲ့သည်။ “ရန်ကုန်မှာ ဒီလိုပွဲမျိုး ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ရွှေတိဂုံဘုရားကိုလည်း ရောက်ခဲ့ပြီးပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရအား “သီတင်းကျွတ်ဆိုတာ အားလုံးစုပေါင်းပြီး ကောင်းမှုကုသိုလ်ပြုလုပ်ဖို့ ၊ ဝေမျှဖို့ အချိန် ဖြစ်ပါတယ်” ဟု မဝိုင်းချစ်က ထည့်သွင်းပြောဆိုခဲ့သည်။
မင်္ဂလာရှိသော လပြည့်နေ့အခါသမယတွင် ဘုရားစေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများသို့ မိသားစုများ စုဝေးသွားရောက်ကာ မြတ်ဗုဒ္ဓအား ဆွမ်း၊ ပန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ အမွှေးနံသာ ကပ်လှူပူဇော်ကာ သီလဆောက်တည်ကြသည်။

ပြည်သူ့ရင်ပြင်၌ ကျင်းပသော အခမ်းအနားတွင် ရှင်သာမဏေ၂၁ ပါးအား ဦးဆောင်လာခဲ့သည့် ရဟန်းသံဃာတော် တစ်ပါးက “ဦးဇင်းတို့က စမ်းချောင်းကနေ လာခဲ့တာဖြစ်ပါတယ်။ သူတို့ကိုပျော်ရွှင်စေဖို့ ခေါ်လာခဲ့တာ ဖြစ်ပါတယ်”ဟု မိန့်ဆိုခဲ့သည်။

မီးထွန်းပွဲတော်ဟု ဆိုကြသည့် သီတင်းကျွတ်သည် ဝါတွင်းကာလပြီးဆုံးချိန်ဖြစ်ပြီး မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာသည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံရှိ ပြည်သူများက ပွဲတော်အားလပ်ရက် ငါးရက်ကြာ ကျင်းပဆင်နွှဲကာ ရန်ကုန်မြို့၌သာမက နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သီတင်းကျွတ်ပွဲတော်ကာလသည် ပြည်သူများက အတူတကွဆုံစည်းတွေ့ဆုံခြင်း၊ ဘုရားစေတီများသို့ သွားရောက် ဖူးမြော်ခြင်းတို့သာမက မွေးရပ်ဇာတိမြေသို့ ပြန်ကာ မိသားစုဝင်များနှင့်ပြန်လည်ဆုံစည်းကြသည့် တန်ဖိုးထားရသည့် အချိန်တစ်ခုလည်းဖြစ်သည်။

ရန်ကုန်မြို့မှ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သူ အသက် ၂၈နှစ် အရွယ်ရှိ ဒေါက်တာကြည်သာဆွေက ၎င်း၏ ဆွေမျိုးမိတ်သင်္ဂများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ပြန်သွားခဲ့သည်။“မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါက ကျွန်မတို့ရဲ့ ရင်းနှီးမှုသံယောဇဉ်ကို ချိတ်ဆက်ဖို့ တန်ဖိုးထားရတဲ့အချိန်တစ်ခုပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

သီတင်းကျွတ်ပွဲတော်တွင် ဒေါက်တာ ကြည်သာ၏ အကြိုက်ဆုံးကိစ္စမှာ လူကြီးသူမမိဘဆွေမျိုးများကို ဂါရဝပြုရခြင်း ဖြစ်သည်။ “အဘွား၊ အမေ၊ အဒေါ်တွေနဲ့ သက်ကြီးဆွေမျိုးတွေကို ဂါရဝပြုကန်တော့ခဲ့ပါတယ်။ ဒါက ကျေးဇူးကို ဖော်ပြတာ ဖြစ်ပါတယ်။ ဂါရဝပြုလက်ဆောင်ပစ္စည်းတွေနဲ့ ရှိခိုးကန်တော့ပြီးတော့ ဘယ်လိုအပြစ်မျိုးမဆို ခွင့်လွှတ်ပေးဖို့ တောင်းခံလိုက်တာကြောင့်စိတ်သက်သာရာရစေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“နှစ်တိုင်း ကျွန်မရဲ့ မိဘတွေ၊ သက်ကြီးဝါကြီး မိသားစုဝင်တွေနဲ့ဆွေမျိုးတွေကို ကန်တော့ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများတွင်လည်း နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် ဆီမီး၊ ဖယောင်းတိုင်များဖြင့် ပူဇော်ကြခြင်းဖြင့် ထွန်းလင်းတောက်ပနေသလို ဘုရားဖူးလာရောက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့၌ အသက် ၁၃ နှစ်အရွယ် ကောင်းခန့်က သီတင်းကျွတ်ပွဲတော်အား ၎င်း၏ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။ “မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းကို သွားပြီးတော့ သီလယူခဲ့တယ်။ ညပိုင်းမှာ ဘုရားကို သွားပြီးတော့ ဖယောင်းတိုင်မီးပူဇော်မယ်။ “ ဟု ၎င်းက ပြောကြားခဲ့သည်။ထို့အတူ မောင်ကောင်းခန့်က “လူကြီးသူမတွေကို ရှိခိုးကန်တော့တာ မုန့်ဖိုး ရခဲ့တယ်”ဟု ပျော်ရွှင်မြူထူးစွာ ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်ကို အဖိတ်နေ့၊ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ဟူ၍ သုံးရက်ကြာ ကျင်းပလေ့ရှိသည်။ (Xinhua)