Culture & Entertainment
၂၀၂၅ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အကယ်ဒမီစိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အတွက် အကယ်ဒမီစိစစ်အကဲဖြတ်ရေးအဖွဲ့မှ ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၇၂ ကားအနက် ဒုတိယအဆင့် ၂၂ ကားကို ကြည့်ရှုခဲ့ရာ ၁၂ ကားအထိ ကြည့်ရှုစိစစ်ပြီးထားပြီးဖြစ်ကြောင်း သိရသည်။
အကယ်ဒမီစိစစ်အကဲဖြတ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ၂၂ ကား ရဲ့စာရင်းကိုတော့ အတိအကျ ထုတ်ပြန်ခဲ့ပါတယ်။ တတိယအကြိမ်ကြည့်ရှုမယ့် ဇာတ်ကားစာရင်းကိုတော့ မထုတ်ပြန်တော့ပါဘူး” ဟု ဆင်ဟွာသို့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောသည်။
ဒုတိယအဆင့် ကြည့်ရှုသော ဇာတ်ကား ၂၂ ကားမှာ မေတ္တာအမွေပုဂံမြေ၊ ကံ့ကော်နီ၊ ရာသက်ပန်ငါ့ကောင်မလေး၊ ပြုစား၊ မြေစာ၊ ဖီလင်၊ ဗြောသံ၊ ဂုဏ်၊ သူတော်တစ္ဆေ၊ ပဉ္စလက်မိုး၊ မောင့်မိဖုရား၊ ပြန်မပြောရ၊ ပန်းမြိုင်လယ်မှဥယျာဥ်မှူး၊ နတ်ဝင်သည်၊ မြစ်လက်တက်ပေမဲ့ ရေစီးကြမ်းတယ်၊ ဆရာမ (၂)၊ ညမင်္ဂလာ၊ မြို့ပြထဲကလမ်းမ၊ နှင်းပွင့်စေရာ၊ အနှစ်၊ အဆိပ်၊ ဘဝကိုစားသော ကိန်းဂဏန်းများ ဇာတ်ကားတို့ဖြစ်သည်။
ပုံမှန် ချီးမြှင့်လေ့ရှိသည့် ထူးချွန်ဆုများတွင် ရုပ်ရှင်ဓာတ်ပုံဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ တေးဂီတဆု၊ အသံဆုနှင့် တည်းဖြတ်ဆုနှင့် အခြားဆုများ ပါဝင်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်ကဏ္ဍအား မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲများကို ၁၉၅၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ထူးချွန်ဆုပေါင်း ၂၀ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ (Xinhua)
