Education & Health
မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းပြီး မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပြုလုပ်မည်
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး Laparoscopic-Endoscopic Surgery for ASEAN People Project အရမှန်ပြောင်း အသုံးပြုမှု ခွဲစိတ်ကုသမှုပြုလုပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
အဆိုပါ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ် ပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ပြည်သူ့ကျန်းမာရေး ကဏ္ဍနှင့် ကုသရေးကဏ္ဍ အပါအဝင် ကျန်းမာရေးကဏ္ဍ လုပ်ငန်းများတွင် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်သွားစေလိုကြောင်း၊ တိုးတက်လာမှု နည်းပညာ၊ စက်ကိရိယာ ပစ္စည်းများဖြင့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု များသည် သမားရိုးကျ ခွဲစိတ်ကုသမှုများထက် ခွဲစိတ်ကုသမှု ခံယူစဉ် သွေးထွက်နည်းခြင်း၊ ခွဲစိတ်ပြီးနောက် ဆေးရုံ၌နေရသည့် ကာလတိုမှု၊ နာကျင်ခြင်းနှင့် အနာရွတ်ဖြစ်ခြင်း သက်သာမှုစသည့် များစွာသော အကျိုးကျေးဇူးများ ရှိကြောင်း၊ ယခုပူးပေါင်း ဆောင်ရွက်မှုတွင် ဆောင်ရွက်မည့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုများသည် အဆင့်အတန်းမြင့်မား ကောင်းမွန်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံမှ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု အထူးကုဆရာဝန်ကြီးများအဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အကြံပြုချက်များ ပေးအပ်စေလိုကြောင်း ၎င်းက ပြောသည်။
အဆိုပါ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခြင်းတွင် ထိုင်းနိုင်ငံ Rajavithi ဆေးရုံကြီးမှ မှန်ပြောင်းအသုံးပြု ခွဲစိတ်မှု အထူးကုဆရာဝန်ကြီးနှင့် အထူးကုဆရာဝန်ကြီး (၂၄) ဦး၊ သူနာပြု (၃၆) ဦးတို့နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် -၁၀၀၀)၊ နေပြည်တော် သားဖွားနှင့် မီးယပ်အထူးကုဆေးရုံကြီးနှင့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်းချောင်းရောဂါ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ ပူးပေါင်း၍ မှန်ပြောင်း အသုံးပြု ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး မှန်ပြောင်း အသုံးပြု ခွဲစိတ်ကုသမှုဆိုင်ရာ မေ့ဆေးပညာ၊ သူနာပြုစုမှုပညာနှင့် ခွဲစိတ်မှုပညာဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို မျှဝေဖလှယ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)