Education & Health
နတ်မောက် ဆေးရုံသစ် လွှဲပြောင်း အပ်နှံပွဲ ကျင်းပ
နတ်မောက်၊ မေ ၁၀ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက အမေရိကန် ဒေါ်လာကိုးသိန်းခန့် အကုန်အကျခံ ပြုပြင်ဆောက်လုပ်ပေးသည့် နတ်မောက်မြို့ ပြည်သူ့ ဆေးရုံသစ်အား တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လွှဲပြောင်း အပ်နှံပွဲကို အဆိုပါ ဆေးရုံတွင် ယနေ့နံနက် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်ခံခဲ့ပြီး အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ဆေးရုံကို လာဖွင့်တာဆိုပေမယ့် ကြုံတုန်း နိုင်ငံ့အကျိုးအတွက် ရှေ့ရှုပြီးတော့ ညီညီညွတ်ညွတ်နဲ့ စည်းကမ်းရှိရှိနဲ့ ဆောင်ရွက်ကြပါလို့ ကျွန်မ တိုက်တွန်းချင်တယ်၊ ကျွန်မတို့ နိုင်ငံဟာ တိုးတက်ဖို့ အများကြီးလိုပါသေးတယ်၊ ကျန်းမာရေး ဘက်မှာတင်မကဘူး၊ ပညာရေး ဘက်မှာ တိုးတက်ဖို့ လိုတယ်၊ စီးပွားရေး ဘက်မှာ တိုးတက်ဖို့ လိုတယ်၊ ညီညွတ်ရေး ဘက်မှာ တိုးတက်ဖို့ လိုတယ်၊ တိုးတက်မှုတွေ ဖြစ်ဖို့အတွက် အားလုံးဟာ တစ်နိုင် တစ်ပိုင်တော့ ဝိုင်းပြီးလုပ်ပေးကြစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်သူ့ ကျန်းမာရေးကိုဂရုစိုက်ခြင်းအားဖြင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ခြင်းကို အများကြီး အထောက် အကူပြုနိုင်သည်ဟု ယုံကြည်ကြောင်း၊ ငယ်ငယ်တည်းက ကျန်းမာရေး အသိပညာ ရှိနေသည့် ကလေးများ ကြီးလာလျှင် ကိုယ့်တစ်ယောက်တည်း အတွက်တင်မက ကိုယ့်ပတ်ဝန်းကျင်အတွက် အများကြီး လှုပ်ရှားနိုင်မှာ ဖြစ်ကြောင်း၊ ပြည်သူပြည်သားများအတွက် ကျန်းမာဖို့ ပညာတတ်ဖို့ ဇွဲရှိဖို့ စည်းကမ်းရှိဖို့ အင်မတန် အရေးကြီးကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ထို့အပြင် “ကျွန်မတို့ဟာ တစ်ယောက် နဲ့ တစ်ယောက် မိတ်ဆွေလို မောင်နှမတွေလို ဆွေမျိုးတွေလို လက်တွဲ ပြီးတော့ နေနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ဒီမြို့တင်မက ဒီတိုင်းတင်မက ဒီနိုင်ငံတင်မက တစ်ကမ္ဘာလုံးဟာ ပိုမိုပြီးတော့ အေးချမ်းလာနိုင်မယ်၊ ပိုမို ပြီးငြိမ်ငြိမ် သက်သက် တိုးတက်လာနိုင်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ အားလုံးအတူ အေးအတူ ပူအမျှ ဆိုတာဟာ စံစားရတဲ့ အခါ ချမ်းသာရတဲ့ အခါမှာလည်း အတူတူ ချမ်းသာကြမယ်၊ အတူတူ ပျော်ရွှင်ကြမယ်၊ ပူအမျှဆိုတာဟာ ပြသနာတွေ ရင်ဆိုင်ရတဲ့ အခါမှာ အတူတူရင်ဆိုင်မယ်၊ အတူတူ ကျော်လွှားမယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကို အင်အားတွေ ဖြည့်ပေးမယ်၊ အင်အားတွေ ဖြည့်ပေးခြင်းအားဖြင့် ပြသနာတွေ များ လာ လေလေ အင်အားတွေ များလာလေလေဆိုတာ ယူဆနိုင်ပါတယ်၊ ဒါကြောင့် အချင်းချင်း ညီညွတ်မှု ရှိမယ်၊ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ရှိမယ်၊ ရိုးသားတယ်ဆိုရင် ကျွန်မတို့ ဘာကိုမှ ပူပင်သောက ဖြစ်စရာ မလိုပါဘူး၊ ဆေးရုံဆိုတာက ကျန်းမာရေး ပြသနာကို ဖြေရှင်းပေးရတဲ့ နေရာပါ၊ ကျန်တဲ့ ပြသနာတွေကိုတော့ လူ့ အသိုက်အဝန်းက ဖြေရှင်းရမှာပါ။ ညီညီညွတ်ညွတ်နဲ့ ကိုယ်ရင်ဆိုင်ရမယ့် ပြသနာတွေကို ဖြေရှင်းကြပါ” ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။
ဆေးရုံသစ်အတွင်း၌ လှည့်လည်ကြည့်ရှုကြစဉ်။(ဆင်ဟွာ)
နိုင်င့တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွင့်အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)
တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တရုတ်နိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုလွှာ ပေးအပ်စဉ်။(ဆင်ဟွာ)
နောက်ဆုံးအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆေးရုံအား အဆင့်မြှင့်တင်မှု အထမြောက်အောင် ပြုလုပ်ပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့်တကွ သံရုံးဝန်ထမ်းများ တရုတ်မြန်မာ ချစ်ကြည်ရေး ဗဟိုအဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ကြောင်းလည်းပြောကြားသွားခဲ့သည်။
ဆေးရုံအလှူရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စား သံအမတ်ကြီး မစ္စတာဟုန်လျန်က “ပြည်သူလူထုအကျိုးစီးပွားကို အခြေပြုတဲ့ တရုတ် – မြန်မာ Belt and Road ပူးပေါင်းဆောင်ရွက်မှု ဟာ ခေတ်ကာလသစ် တရုတ် – မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို အားသစ်များ ပိုမိုဖြည့်တင်းပေးလာနိုင်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည် ပါတယ်၊ နတ်မောက် ဆေးရုံ အပါအဝင် တရုတ် – မြန်မာ ချစ်ကြည်ရေး ဆေးရုံတွေဟာ ခေတ်ကာလ သစ် တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရဲ့ အမှတ်လက္ခဏာသစ် ဖြစ်လာမယ်လို့ လည်း ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
သစ်လွင်သည့် နတ်မောက်ဆေးရုံသည် နတ်မောက် ဝန်းကျင်ဒေသ ပြည်သူ သုံးသိန်းအတွက် ကုသရေး ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဆေးရုံ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းကို တရုတ်နိုင်ငံသံရုံးက ၂၀၁၇ တွင် ကူညီ တည်ဆောက်ပေးခဲ့ရာ ဒေါ်ခင်ကြည်ဆေးရုံသည် ပထမဆုံး တရုတ် – မြန်မာ ချစ်ကြည် ရေး ဆေးရုံ ဖြစ်ခဲ့ကြောင်း၊ ယခု နတ်မောက်ဆေးရုံသည် ဒုတိယ ဆေးရုံဖြစ်ပါကြောင်း၊ နတ်မောက် ဆေးရုံ အဆင့်မြှင့်တင် ပြုပြင် တည်ဆောက်ခြင်းစီမံကိန်းကို ၂၀၁၈ ဒီဇင်ဘာတွင် စတင်ခဲ့ရာ ငါးလ အတွင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဆေးရုံသစ် လွှဲပြောင်းအပ်နှံပွဲသို့နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုး ညိုနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)