Education & Health
မြန်မာနိုင်ငံ၏ ပထမဦးဆုံး KIDS FAIR 2016 ပြပွဲ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကလေးများပွဲတော် (KIDS FAIR 2016) ပြပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ ၃ ရက် တိုင်တိုင် တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း EMG Marketing Group မှ သတင်းထုတ်ပြန်သည်။
ကလေးများ ကစားရန်နေရာ ကိုလည်း သီးသန့်စီစဉ်ပေးထားကြောင်း၊ ပွဲကျင်းပသည့် (၃) ရက်လုံးတွင် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် လက်ချောင်းလေးများဖြင့် ပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ ကလေးများ စိတ်ကူးဉာဏ် ရင့်သန်စေရန် မိမိနှစ်သက်ရာ ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ပြိုင်ပွဲ၊ မြန်မာ့ဓလေ့ရိုးရာကစားနည်း ပြိုင်ပွဲများကိုလည်း ထူးဆန်းသည့် အစီအစဉ်များဖြင့် ကျင်းပပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ ကလေး၊ လူငယ်၊ လူကြီးမရွေးပါဝင်ဆင်နွှဲနိုင်သည့် မျက်လှည့်အစီအစဉ်နှင့် အခြား အစီအစဉ်များကိုလည်း ထည့်သွင်းဖန်တီးထားကြောင်း သိရသည်။
အဆိုပါပွဲတွင် ကလေးများနှင့်သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းများ၊ ပညာရေးအတွက် ကျောင်းများ၊ သင်တန်းများ နှင့် ဘဏ်များ၊ ဆေးဝါးအာဟာရ၊ အစားအစာ၊ အဝတ်အထည်၊ အရုပ် နှင့် စာအုပ်များ စသည့် ဆိုင်ခန်းများ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)