Environment, Disasters & Accidents
ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံ ကန်ရေပြည့် အမှတ်ကျော်၍ ရေပိုလွှဲမှ ရေများစီးဆင်း
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံမှာ သြဂုတ် ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင်ကန်ရေပြည့်အမှတ်သိ့ုရောက်ရှိပြီး မြစ်သာမြစ်အတွင်းသို့ စတင်စီးဆင်းခဲ့ပြီး သြဂုတ် ၇ ရက် နံနက်တွင် ၁.၅ ပေအထိ ရေကျော်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ယခုနှစ် မေလကုန်မှစ၍ ဇွန်၊ ဇူလိုင်လများအတွင်း မြစ်သာတမံ၏ အထက်ဘက်ရေဆင်း ဧရိယာနှင့် ဂန့်ဂေါဒေသတို့တွင် မိုးကောင်းပြီး တမံအတွင်း စီးဝင်ရေ များပြားသဖြင့် တပ်ဆင်ဓာတ်အား ၂၀ မဂ္ဂါဝပ်အားရှိ ရေအားလျှပ်စစ် ဂျင်နရေတာ ၂ လုံးမှ စုစုပေါင်း ၄၀ မဂ္ဂါဝပ်ကို ဇွန် ၉ ရက်မှစတင်ကာ စက်စွမ်းအားပြည့် ထုတ်လုပ်ပေးခဲ့ သဖြင့် တမံအောက်ပိုင်းဒေသများတွင် ရေကြီးမှုမဖြစ်စေရေး ကာကွယ်တားဆီးနိုင်ခဲ့သည်ဟု သိရသည်။
ယခုအခါတွင် မြစ်သာမြစ်အတွင်း ပုံမှန်စီးဆင်းနေသည့် ရေအားလျှပ်စစ် စက်ရုံမှ ထွက်ရှိသည့် ရေပမာဏအပြင် ရေပိုလွှဲမှ ကျော်ကျလာသည့် ရေပမာဏသည် မြစ်သာမြစ်အတွင်း စီးဆင်းလာမည်ဖြစ်သဖြင့် မြစ်အောက်ပိုင်းတွင် ရေတိုးလာမည်ဖြစ်သော်လည်း စိုးရိမ်ဖွယ်မရှိဟု သတိပေးနှိုးဆော်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)