Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ ရှိ မင်းသာကျေးရွာ၊ နန့်တီဆင်းတံတား ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်း ရေတိုက်စားခံရ
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ မင်းသာကျေးရွာ အထွက်၌ တည်ရှိသော နန့်တီဆင်းတံတားသည် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းကပ်ခုံ၊ ရေကာနံရံနှင့် ချဉ်းကပ်လမ်း (၇)ပေခန့် ရေတိုက်စားခံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
တမူးခရိုင်၊ မြို့သစ်မြို့တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမူး-စေတီလမ်း၊ မိုင်တိုင် အမှတ် (၁၈/ဝ)နှင့် (၁၈/၁) အကြား၊ အရှည်ပေ(၁၆၀)၊ အကျယ်(၁၂)ပေခွဲရှိ သံကူကွန်ကရစ်အုတ်မြစ်ချ ဘေလီသစ်သားတံတား အမျိုးအစား နန့်တီဆင်း တံတားသည် စေတီဘက်ခြမ်း မြောက်ဘက်ကမ်းကပ်ခုံ ရေကာနံရံနှင့် ချဉ်းကပ်လမ်း(၇)ပေခန့် ရေတိုက်စားခံခဲ့ရသဖြင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး အတွက် မြို့သစ်မြို့ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မျောတိုင်ရိုက်ခြင်း၊ တိုင်ကာပြီး မြေဖို့ခင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တံတားသည် တမူးမြို့၊ စမြို့သစ်မြို့နှင့် ဟုမ္မလင်းမြို့နယ်များသို့ ဆက်သွယ်သွားလာရာတွင် တမူး-စေတီလမ်းပေါ်ရှိ အရေးပါသော တံတားတစ်စင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)