Environment, Disasters & Accidents
ပင်လောင်းမြို့၊ ဈေးတန်းရပ်ကွက်ရေကြီးရေလျှံမှုဖြစ်ပွား
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းကူး ရေထုတ်ပြွန်နေရာ၌ အမှိုက်များပိတ်ဆို့မှုကြောင့် ဇော်ဂျီချောင်း အတွင်းသို့ ဝင်ရောက်သည့်ရေများ ပြည့်လျှံကာ ဈေးတန်း ရပ်ကွက်အတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၈ လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် အဆိုပါရပ်ကွက်ရှိ နေအိမ် ၁၈ လုံး ရေနစ်မြုပ်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက အိမ်ထောင်စု ၁၈ စုမှ လူဦးရေ ၆၈ ဦးကို ရပ်ကွက်ဓမ္မာရုံသို့ ကူညီပြောင်းရွှေ့ပေးသည်။
ထို့အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပင်လောင်း တပ်နယ်မှ တပ်မတော်သားများက ရထားလမ်းကူး ရေပြွန် အတွင်းရှိ အမှိုက်များအား ဖယ်ရှား ရှင်းလင်းပေးရာ မွန်းလွဲပိုင်းတွင် ရေများပြန်လည် ကျဆင်းသွားခဲ့ကြောင်း၊ထို့ပြင် တပ်မတော် သားများက ရပ်ကွက်ဓမ္မာရုံတွင် ခေတ္တ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ အတွက် ဆန်များ ပေးအပ်လှူဒါန်း ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)