Environment, Disasters & Accidents
ရာဇဂြိုလ်ဆည်အထက်ရှိ နုန်းတားဆည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းငယ် ပျက်စီးမှုရှိသော်လည်း မစိုးရိမ်ရဟုဆို
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ဆည် အထက်တွင် ရှိသည့် နုန်းတားဆည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းငယ် ပျက်စီးမှု ရှိခဲ့သော်လည်း မစိုးရိမ်ရဟု ဆည်မြောင်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောကြားသည်။
ချင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တွီလီချောင်းမှ တစ်ဆင့် ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာသဖြင့် နုန်းတားဆည် အနည်းငယ် ပျက်စီးခဲ့ကြောင်း လက်ရှိတွင် ရာဇဂြိုဟ်ဆည် အတွင်းက ရေများ ပြန်လည်ကျသွားပြီး ရာဇဂြိုဟ်ဆည်လည်း ထိခိုက်မှု မရှိကြောင်း ၎င်းကဆိုသည်။
မိုးရေ အလုံးအရင်းဖြင့် နုန်းတားဆည်အား ဖြတ်ကျော်ပြီး ရာဇဂြိုဟ်ဆည် အတွင်း ဝင်ရောက်လာမှုကြောင့် ဇူလိုင်လ ၃ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်အချိန် တိုင်းတာချက် အရ အမြင့်ဆုံး ရေမှတ် ၆၅၁.၅ ပေ အထိ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ရေအမှတ် ၆၄၅.၅ ပေအထိ ပြန်လည်ကျဆင်းသွားကြောင်း ဆည်မြောင်းဦးစီးဌာန ထံမှ သိရ သည်။
အဆိုပါ ရာဇဂြိုလ်ဆည်နှင့် ပတ်သက်ပြီး ပြင်ဆင်မှုများအဖြစ် ရေကျော်နိုင်မည့် နေရာများကို သဲအိတ်များ ချထားခြင်း ရာဇဂြိုဟ်ဆည်ထဲ ဝင်လာသော သစ်ပင်၊ အမှိုက်သရိုက်များကိုလည်း ရေလွှဲပေါက်များကို ပိတ်ဆို့မှုမရှိအောင် ယန္တရားများဖြင့် ဆယ်ယူခြင်းများ ပြုလုပ်နေပြီး နုန်းတားဆည် ရေပြန်ကျလျှင်လည်း ပျက်စီးသွားသော အပိုင်းများကို ပြန်လည်ပြင်ဆင်မည် ဖြစ်သည်။ (Xinhua)