Environment, Disasters & Accidents
အချိန်အခါမဟုတ် မိုးပြင်းထန်စွာရွာပြီးမိုးကြိုးပစ်ခတ်မှုကြောင့် လူ သေဆုံးမှုနှင့် အပျက်အစီးများစွာရှိ
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဧပြီ ၂ နှင့် ၃ရက်နေ့တို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုများကြောင့် လူသေမှုများနှင့် အပျက်အစီးများစွာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကော့ကရိတ်မြို့နယ်တွင် ဧပြီ ၂ ရက်နေ့က မိုးကြိုးပစ်ခံမှုကြောင့် တစ်ဦးသေဆုံးပြီး ဖြူးမြို့နယ်တွင် ဧပြီ ၃ရက်နေ့တွင် မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင်လည်း ဧပြီ ၃ရက်နေ့က မိုးရွာသွန်းပြီး မိုးကြိုးလျှပ်စီးထိမှတ်၍ အမျိုးသား၁ဦး၊ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မုံရွာလေဆိပ်အဆောက်အဦ Public Area ရှိ မျက်နှာကျက် အုပ်ကြွတ်အမိုးပြား ၂၀ ချပ်ကွာကျပျက်စီးခဲ့ကြောင်းနှင့် အလုံရပ်ကွက်နှင့် အခြားရပ်ကွက် ၉ ရပ်ကွက်ရှိ နေအိမ် ၁၁၈ လုံး၊ အ.ထ.က ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ အုတ်တံတိုင်း ၁ ခုပြို၊ ဓာတ်တိုင် ၁၀ တိုင်ကျိုး၊ ဈေးဆိုင် ၂ ဆိုင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ရွှေတောင်ဦး ကျေးရွာပါ ၅ ရွာမှ နေအိမ် ၈၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီး၊ စေတီတော် ၁ ဆူ ထီးတော်တိမ်းစောင်း၊ လူမှုကူညီရေးအသင်း အဆောက်အဦး ၁ ခု ပြိုကျ၊ ဘုရားထီးတင်ရန် ဆင်ထားသောငြမ်းများပျက်စီးခဲ့ကြောင်း၊ အလားတူ ဘုတလင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ် ကျေးရွာပါ ၁၅ ရွာမှ နေအိမ် ၈၇ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မိုးရွာသွန်းမှုကြောင့် နတ်တလပို့တောင် ကျေးရွာပါ ၅ ရွာမှ နေအိမ် ၇၆ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး ခင်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မိုးရွာသွန်းမှုကြောင့် မြင်းကျကျေးရွာမှ ကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ မိုးက မိုးသီးတွေပါကြွေတယ်၊ လေရော မိုးရော ရွာတော့ အိမ်တွေတော်တော် ပျက်စီးတယ်”ဟု ခရမ်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီးရှိ မကွေးမြို့အတွင်း ဧပြီ ၁ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ကြာကန်ကျေးရွာတွင် နေအိမ် ၁၈ လုံးပြိုကျ၊ ၅၀ လုံး အမိုးလန်ပျက်စီး၊ ပုဂံမျှောကျေးရွာတွင် နေအိမ် ၂ လုံးပြိုကျ၊ ၁၆ လုံး အမိုးလန်ပျက်စီး၊ ကြို့ပင်အင်းကျေးရွာတွင် နေအိမ် ၄ လုံးပြိုကျ၊ ၁ လုံး အမိုးလန်ပျက်စီး၊ လေးအိမ်ကျေးရွာတွင် နေအိမ် ၃ လုံးပြိုကျ၊ ၈ လုံးအမိုးလန်ပျက်စီး၊ ကြူချောင်း ကျေးရွာတွင် နေအိမ် ၅ လုံး ပြိုကျ၊ ၁၁ လုံးအမိုးလန်ပျက်စီး၊ ညောင်ပင်သာကျေးရွာတွင် နေအိမ် ၂၆ လုံးအမိုးလန်ပျက်စီးခဲ့သဖြင့် စုစုပေါင်း နေအိမ် ၃၂ လုံးပြိုကျ၊ ၁၁၂ လုံး အမိုးလန်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း၊ အလားတူ ဧပြီလ ၃ ရက်နေ့တွင် မင်းတုန်းမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် သင်းသလယ်ကျေးရွာတွင် နေအိမ် ၄ လုံးအမိုးလန်ပျက်စီးခဲ့ပြီး ဂန့်ဂေါမြို့နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ပြင်သာကျေးရွာပါ ၂ ရွာမှ နေအိမ်ပါ ၁၂ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် အတွင်း၌ ဧပြီ ၂ရက်နေ့တွင် လေပြင်းတိုက်ခတ်/ မိုးသီးကြွေကျမှုကြောင့် ကျိုင်းလတ်မြို့ ဝမ်ကျင်းရပ်ကွက်ရှိ မြန်မာ-လာအို တိုးဂိတ်တွင် အလျား ၁၂ ပေ၊ အနံ ၆ ပေခန့်ရှိ စစ်ဆေးရေးကောင်တာရုံး ၂ လုံးပြိုကျ၊ နမ့်ဆီး ကျေးရွာတွင်နေအိမ် ၃ လုံး အမိုးလန်ပျက်စီး၊ နမ့်ဆီး(အာခါ)တောင်ပေါ်ရွာရှိ အ.မ.က ကျောင်းဆောင် သွပ်ပြား ၂၀ ချပ်ခန့် လေလွင့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊
အလားတူ ဧပြီလ ၃ ရက်နေ့တွင်လည်း ညောင်ရွှေမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မိုးရွာ သွန်းမှုကြောင့် ဂနိုင်ကြီးကျေးရွာပါ ၃ ရွာမှ နေအိမ် ၅ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ကျွဲတပ်ဆုံကျေးရွာတွင် နေအိမ် ၃ လုံးပြိုကျ၊ ၁၉ လုံးအမိုးလန်ပျက်စီးခဲ့ပြီး မိတ္ထီလာ-တောင်ကြီးရထားလမ်း မိုင်တိုင်(၃၂၂/၁၂-၁၃)ကြား၌ ကုက္ကိုပင်သစ်ကိုင်းကျိုးကျ၍ ရထား လမ်းပိတ်ဆို့ခဲ့သည်။
“ နေပြည်တော်မှာတော့ ၂ရက်သုံးရက်ရှိပြီး မိုးရောလေရော ချနေတာ၊ မိုးသီးတွေလဲကျတယ်၊ လေတအားတိုက်လို့ အိမ်အမိုးတွေ တော်တော်များများ လန်တယ်” ဟု နေပြည်တော်မြို့တွင်နေထိုင်သော ဝန်ထမ်းတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်းအချက်ချာကျသော မြို့နယ်၆မြို့နယ်အပြင် အခြားမြို့နယ် များတွင်လည်း မိုးပြင်းထန်စွာရွာသွန်းပြီး လေပြင်းများပါ တိုက်ခိုက်မှုကြောင့် သစ်ပင်များကျိုးကျခြင်း၊ ဓာတ်တိုင်များပြိုလဲခြင်းများကြောင့် ကားများ၊ နေအိမ်များ ပျက်စီးမှု များပြားခဲ့ကြောင်း ရန်ကုန်မြို့တွင်းနေထိုင်သူများထံမှ သိရသည်။
“ မိုးစရွာပြီး လမ်းပေါ်လဲတဲ့အပင်တွေ ဓာတ်တိုင်တွေလဲတယ်ဆိုထဲက ချက်ချင်း ကျွန်တော်တို့တွေ ထွက်ပြီး ရှင်းပေးပါတယ်၊ ခဏတော့ လမ်းတွေပိတ်ခဲ့ပေမယ့် အမြန်ဆုံးရှင်းလင်း ပေးခဲ့တယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေမိုးများတိုက်ခတ်ပြင်းထန်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးထား သောဓာတ်အားလိုင်းများတွင် ဓာတ်အားလိုင်းတိုင်များပေါ်သို့ သစ်ပင်များလဲကျကာ ဓာတ်အားလိုင်းအပြစ်များ ဖြစ်ပေါ်နေသဖြင့် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်းနှင်. ဓာတ်အားအမြန်ပြန် လည်ရရှိရေးကို ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကြား မိုးရွာသွန်းနိုင်ကြောင်း ၊
တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်သည်။(Xinhua)