Environment, Disasters & Accidents
တာချီလိတ် မြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန် ပျက်စီး
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်၌ မိုးသက် လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မိုင်းကိုး ကျေးရွာ အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်(၇၆)လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
လေပြင်း တိုက်ခတ်မှုသည် မတ် ၁၁ ရက် ၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မွန်းမွန်း (ပလောင်) ကျေးရွာတွင် သွပ်အမိုးလန်နေအိမ်(၉)လုံး၊ သက်ကယ်မိုး အိမ်ပြို(၁)လုံး၊ မနော်ကျေးရွာတွင် သွပ်အမိုးလန် (၂)လုံး၊ မိုင်းဟိကျေးရွာတွင် သွပ်အမိုးလန်(၂)လုံး၊ ကျတဲ တိုဘို ကျေးရွာတွင် သွပ်အမိုးလန်(၂၁)လုံး၊ ဘုန်းကြီးကျောင်း သွပ်အမိုးလန် (၁)ကျောင်း၊ မယ်ဖုံးလုံးကျေး ရွာတွင် သွပ်အမိုးလန် အိမ်(၆)လုံး၊ အမှတ်(၁ဝဝ၉)နယ်ခြားစောင့်တပ်တွင် သွပ်အမိုးလန် အဆောက်အဦ (၃၅)လုံး ရှိကြောင်း သိရသည်။
ထိုမိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများသို့ တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)