Environment, Disasters & Accidents
ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၉၄ ဦး ရှိလာ
ရန်ကုန်၊ နိုဝင်ဘာ၂၂ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခတ်ကူးကျေးရွာတွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် စုစုပေါင်း ၉၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးတင်ဆွေမြင့် မှ ဆင်ဟွာကို ယနေ့ ပြောကြားသည်။
ဦးတင်ဆွေမြင့်က “ကျွန်တော်တို့ နိုဝင်ဘာ ၂၁ ရက်နေ့ ည၈ နာရီ အထိ ၇၉ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့ နံနက် ၇ နာရီကနေ အခု နောက်ဆုံး အချိန်အထိ အမျိုးသား ၁၄လောင်း နှင့် အမျိုးသမီး အလောင်း ၁လောင်း ထပ်ပြီးတွေ့ရှိခဲ့သည် မနေ့ကနဲ့ ဒီနေ့ စုစုပေါင်း ၉၄ လောင်း တွေ့ပါပြီ’’ ဟုပြောသည်။
လက်ရှိတွင် ဘတ်ဟိုးကား ၁၄ စီး နှင့် မြို့နယ်မှ တာဝန်ရှိသူတွေ ၊ လူမှုကူညီရေးများ နှင့် လူအင်အား ၂၅၀ နှင့် ၃၀၀ ကြား အင်အားသုံးပြီး ရှာဖွေ နေကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်နေ့တွင်လည်း ဆက်လက် ရှာဖွေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကုမ္ပဏီများမှ မြေစာပုံရန် သတ်မှတ်ထားသည့် ဧက ၂၀၀ တွင် ပုံထားသည့် မြေစာပုံမှ ပြိုကျခြင်းဖြစ်ပြီးမြေစာပုံ ၂ ပုံကြားရှိ လျှိုထဲတွင်နေသူများ ပျောက်ဆုံး ၊သေဆုံး ခြင်း ဖြစ်ကြောင်း ဦးတင်ဆွေမြင့်ကဆိုသည်။
အဆိုပါနေရာတွင် ကုမ္ပဏီကြီး ၅ခု ခန့် လုပ်ကိုင်လျက်ရှိပြီး နိုဝင်ဘာလ ၂၁ရက်နေ့တွင် ပျောက်ဆုံးလျက်ရှိသော ၄၁ ဦး ပြန်လည်တွေ့ရှိ ပြီဖြစ်ကြောင်း ဆိုသည်။ (Xinhua)