Environment, Disasters & Accidents
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျား
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ယနေ့မြန်မာစံတော်ချိန် (၁၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် (၁၂၀)ခန့်နှင့် ခီပူပါရာမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် (၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းကမ်းခြေကို နောက်(၆)နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်ကာ၊ တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းမှာ အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၁း၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု (၂၀.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက် (၄၈)နာရီအတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)