Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရေငံရွာအနီး ပျော်ဘွယ်(၃) အဆန်ရထား တွဲချော်ပြီး တိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည်(၁၂)ဦး ဒဏ်ရာရရှိမှုဖြစ်ပွား
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရေငံရွာအနီး ရထားသံလမ်းမိုင်တိုင်အမှတ်(၂၉၁/၁၅-၁၆)ကြားတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လဲဘူး ဘူတာမှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ခရီးသည် (၈၄)ဦးတင်ဆောင်၍ ထွက်ခွာလာသော ပျော်ဘွယ်(၃) အဆန်ရထား တွဲချော်ပြီး တိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည်(၁၂)ဦး ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် ပျော်ဘွယ်(၃) အဆန်ရထား တွဲချော်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လိုက်ပါလာသော ခရီးသည်များအနက် (၁၂)ဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်းနှင့် ကျန်ခရီးသည်များအား ပျော်ဘွယ်ဘူတာသို့ ပို့ဆောင်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)