Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆူနာမီ နင့်ပတ်သက်၍ မပေါ့ဆသင့်ဟုဆို

မြန်မာ့ရေပိုင်နက်အတွင်းရှိသော ပင်လယ်ပြင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့မြေငလျင်ဘေးအန္တရာယ် သိပညာပေးရေးနေ့ ဖြစ်သည့် နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘာ့နိုင်ငံများနှင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်စဉ် ဆူနာမီဘေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရမှုများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆူနာမီနှင့်ပတ်သက်၍မပေါ့ဆသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ နိုဝင်ဘာ၅ ရက်တွင်ပြောသည်။

“ဆူနာမီနဲ့ ပတ်သက်ရင် အားလုံးမေ့လောက်တဲ့အချိန်မှ တကျော့ပြန်ဖြစ်တာဖြစ်လို့ ဆူနာမီနဲ့ပတ်သက်ရင် အသိပညာဗဟုသုတနည်းတာတွေ ရှိသေးတယ်။ ဒါကြောင့် ဒီနေ့ နိုင်ဝင်ဘာ ၅ရက်ကို ကမ္ဘာ့မြေငလျင်ဘေးအန္တရာယ် သိပညာပေးရေးနေ့ ကို သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့မှာငလျင်နဲ့ပတ်သက်တဲ့ ပညာပေးပွဲတွေ ကျင်းပတယ်။ ကျွန်တော်တို့လည်း နှစ်စဉ်နှစ်တိုင်း ဒီနေ့မှာ ဆူနာမီနဲ့ ပတ်သက်တဲ့ အသိပညာပေးဟောပြောတာတွေဆောင်ရွက်တာတွေရှိတယ်။ အခုနှစ်ကCOVID ကာလဖြစ်လို့ အွန်လိုင်းနဲ့ ဘဲ ဆွေးနွေးတာတွေဆောင်ရွက်ခဲ့တယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ဆူနာမီသည် ကမ်းနီးနဲ့ ကမ်းဝေးဆိုပြီး ၂မျိုးရှိကြောင်း ၊ ကမ်းဝေးဆူနာမီသည် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ရောက်ရန် အချိန် ၄နာရီ မှ ၅ နာရီအထိ ကြာနိုင်ကြောင်း၊ သို့သော် ကမ်းနီးဆူနာမီမှာမူ မိနစ်ပိုင်းအတွင်း ကမ်းရိုးတန်းဒေသကို ဝင်ရောက်နိုင်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာဆိုရင် ဆူနာမီဘေးဖြစ်ဖူးတာ စုစုပေါင်းလေး ကြိမ်ပါ။ စစ်တွေဘက်မှာဆိုအာရကန် နားလေးက ၁၇၆၂ခုနှစ်တုန်းကဖြစ်ထားတဲ့ ဖြစ်စဉ်ဆိုဆူနာမီဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေပါ တွေ့ထား တာဆိုတော့ သူက နှစ် ၂၅၀နားကျော်လာတော့ တစ်ကျော့ပြန်လာနိုင်တယ်ဆိုတဲ့ဟာမျိုးကို တော်တော်များများ သတိပေးထားတာရှိတယ်။ နောက်(အန်ဒမန်) နားကဖြစ်စဉ်မှာတစ်ကြိမ် အဲဒါက ၁၈၈၁ ခုနှစ်လောက်မှာပါ။ နောက် ၁၉၄၁ မှာတစ်ကြိမ်၊ ၂၀၀၄ ခုနှစ် မှာ နောက်ဆုံးတစ်ကြိမ်ဖြစ်ခဲ့တယ်။ ၂၀၀၄ ခုနှစ် ဆူနာမီ မှာ သေဆုံးပျက်ဆီးမှုတွေရှိခဲ့တယ်’’ ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ဆက်ပြောသည်။

ဆူနာမီငလျင်ဘေးနှင့်ပတ်သက်၍ အန္တရာယ်ပေါ့လျှော့ရေး အတွက် အန္ဒိယသမုဒ္ဒရာတွင်းနိုင်ငံများ ပါဝင်သော အဖွဲ့အားဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံပါဝင်ကြောင်း သိရသည်။

“ဆူနမီက မေ့လောက်တဲ့အချိန်မှာ ဖြစ်တဲ့ သဘာဝဘေးဖြစ်ပေမယ့် ဆူနာမီနဲ့ ပတ်သက်ပြီး ကမ်းရိုးတန်းဒေသက ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ချင်သင့်တယ်။ ကမ္ဘာ့မြေငလျင်ဘေးအန္တရာယ် သိပညာပေးရေးနေ့ နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲမှာ ကျွန်တော်တို့အနေနဲ့ ကြိုတင်လေ့ကျင့်မှု အစီအစဉ်လေးတွေ ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့တယ်။’’ ဟု၎င်းက ဆက်ပြောသည်။

ကမ်းနီးဆူနာမီ၊ကမ်းဝေးဆူနာမီနှစ်မျိုးစလုံး မြန်မာနိုင်ငံတွင် ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်များအား ပြန်လည်လေ့လာ၍ သိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့နောက် ကမ်းနီးဆူနာမီ နှင့် ပတ်သက်၍ ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်သင့်တာတွေ ဆောင်ရွက်သင့်ကြောင်းတို့အား ကမ္ဘာ့မြေငလျင်ဘေးအန္တရာယ် သိပညာပေးရေးနေ့ အွန်လိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.