Environment, Disasters & Accidents
လပွတ္တာ မြို့နယ် အတွင်း မတ်လနှင့် ဧပြီလ၌ ကဏန်း မဖမ်းရ ကာလအဖြစ် သတ်မှတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် အတွင်း ကဏန်း ဖမ်းဆီးရရှိမှု ကျဆင်းလာခြင်းကြောင့် လာမည့် မတ်လနှင့် ဧပြီလ နှစ်လကို ကဏန်း မဖမ်းရ ကာလအဖြစ် သတ်မှတ်ထားကြောင်း မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
လပွတ္တာမြို့နယ် ရွေးမြစ်ကမ်းခြေရှိ ဒီရေတောများ၌ ကဏန်းဖမ်းဆီးမှု မြင့်တက်နေပြီး ပြည်ပနိုင်ငံများသို့ တင်ပို့မှု ရှိနေသဖြင့် ကဏန်းဖမ်းဆီးရရှိမှု လျော့ကျ မသွားစေရန် ယခုကဲ့သို့ သတ်မှတ်ခြင်းဖြစ်သည်။
ကဏန်းမဖမ်းရ ကာလတွင် ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန် လုပ်ငန်းရှင်များ၊ မြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ခရိုင်နှင့် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများက သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် အတွင်း ဖေဖော်ဝါရီ ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ရွေးမြစ်ကမ်းခြေရှိ ငါး၊ ပုစွန်နှင့် ကဏန်းရောင်းဝယ်ရေးဒိုင် ၁၃ဝ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
ပြည်ပနိုင်ငံများသို့ ကဏန်းတင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော် ရရှိနေပြီး ယခုကဲ့သို့ ကဏန်းမဖမ်းရ ကာလ သတ်မှတ်လိုက်ခြင်းကြောင့် ထုတ်လုပ်တင်ပို့မှု မြင့်တက်လာနိုင်သည်ဟု ကဏန်း လုပ်ငန်းရှင်များက မျှော်လင့် ထားကြကြောင်း သိရသည်။ (Xinhua)