Environment, Disasters & Accidents
အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှု အဖြစ်များသည့် မိုင်တိုင်များရှိကြောင်းဆို

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
အမြန်လမ်းမကြီးတစ်လျှောက်တွင် ရဲစခန်းပေါင်း ၁၆ခု ရှိပြီး ရဲစခန်းပိုင်နယ်မြေအလိုက် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု အဖြစ်အများဆုံး ဖြစ်ပွားသည့် မိုင်တိုင်များ ရှိကြောင်း၊ ၎င်း မိုင်တိုင်များအလိုက် အထူးသတိပြုမောင်းနှင်သင့်ကြောင်း၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး၊ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ သြဂုတ် ၁၉ရက်တွင်ပြောသည်။
“နေရာတိုင်းမှာတော့ ယာဉ်မတော်တဆမှုတွေက ဖြစ်လေ့ရှိပါတယ်။ ကျွန်တော်တို့ အမြန်လမ်းတစ်လျှောက် ရဲစခန်း ၁၆ ခု ရှိတယ်။ နေ့စဉ်ဖြစ်တဲ့ ယာဉ်တိုက်မှု တွေကိုစုစည်းထားပြီး လစဉ် ဘာကြောင့်ဖြစ်ရတယ် ဆိုတာ ကိုယာဉ်တိုက်မှု တစ်မှုချင်းစီအလိုက် လူကြောင့်လား၊ ယာဉ်ကြောင့်လား၊ လမ်းကြောင့်လား၊ ရာသီဥတုကြောင့်လား စသဖြင့် ကျွန်တော်တို့သုံးသပ်ချက်တွေကို အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ကို တင်ပြရတာ တွေရှိတယ်။ အဲလိုတင်ပြတဲ့အခါ တစ်နှစ် တစ်နှစ် မှာ ဘယ်နေရာတွေက ယာဉ်မတော်တဆမှု ဖြစ်တာအများဆုံးလဲ ဆိုတာ ကို ကျွန်တော်တို့ က စာရင်းပြုစု ရတယ်။အဲဒီစာရင်းအရ တချို့မိုင်တိုင်တွေက ယာဉ်တိုက် မှုအဖြစ်အများဆုံးမိုင်တိုင်တွေဖြစ်တယ်’’ ဟု ၎င်းကရှင်းပြသည်။
ရန်ကုန်မှ မန္တလေးသို့ အသွား အမြန်လမ်းတွင် ဘောနီရဲစခန်း အနီး မိုင်တိုင် ၄၀/၃၊ မိုင်တိုင် ၄၈၊ မိုင်တိုင် ၅၂၊ အုတ်ရှစ်ကုန်း ရဲစခန်းအနီး မိုင်တိုင် ၇၇/၀ မှ ၈၈/၀ ကြား၊ မြို့ချောင်း ရဲစခန်းအနီး မိုင်တိုင် ၈၄/ဝ၊ မိုင်တိုင် ၈၆/၂-၃၊ ဖြူးရဲစခန်းအနီး မိုင်တိုင် ၁၁၃/၄-၅၊ မိုင်တိုင်၁၁၁/၆-၇၊ ဗောဓိကုန်း ရဲစခန်းအနီး မိုင်တိုင် ၁၂၅/၃-၄၊ ဇီးပင်သာရဲစခန်းအနီး မိုင်တိုင် ၁၅၃/၀ မှ ၁၅၄/၀ ကြား၊ သာဂရရဲစခန်းအနီး မိုင်တိုင် ၁၇၆/၅-၆၊ ပလွေးရဲစခန်းအနီး မိုင်တိုင်၁၉၄/၄-၅ ၊ ပန်းတင်ရဲစခန်းအနီး မိုင်တိုင်၂၁၈/၃-၅ ၊ ဘုရားတောင်ရဲစခန်းအနီး မိုင်တိုင်၂၄၁/၇ ၊ မိုင်တိုင် ၂၄၂/၀ ၊ ပေပင်လေးရဲစခန်းအနီး မိုင်တိုင် ၂၅၇/၀ နှင့် ၂၅၉/ဝကြား၊ မိုင်တိုင်၂၇၇/၀ နှင့် ၂၇၉/၀ ကြား၊ သီးကုန်းရဲစခန်းအနီး မိုင်တိုင် ၂၈၀/၀ မှ ၂၈၁ ကြား၊ ပြင်စည်ရဲစခန်းအနီး မိုင်တိုင် ၃၀၅/၀ နှင့် ၃၀၆/၀ ကြား၊ စကားအင်းရဲစခန်းအနီး မိုင်တိုင် ၃၄၀/ဝ-၁၊ မိုင်တိုင် ၃၅၂/၅-၆ တို့တွင် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သိရသည်။
မန္တလေးမှ ရန်ကုန်သို့ အလာ အမြန်လမ်းတွင် အမှတ် (၃) လမ်းဆုံရဲစခန်း အနီး မိုင်တိုင် ၁၆/၆-၇ ၊ ဘောနတ်ကြီး ရဲစခန်းအနီး မိုင်တိုင် ၃၂၊ အုတ်ရှစ်ကုန်းရဲစခန်းအနီး မိုင်တိုင် ၇၇/၀ မှ ၈၈/၀ ကြား၊ ဗောဓိကုန်းရဲစခန်းအနီး မိုင်တိုင် ၁၂၅/၂-၃၊ ဇီးပင်သာရဲစခန်းအနီး မိုင်တိုင် ၁၄၂/၀ နှင့် ၁၄၃/၀ ကြား၊ သာဂရရဲစခန်းအနီး မိုင်တိုင် ၁၇၁/၃-၄၊ ပလွေးရဲစခန်းအနီး မိုင်တိုင် ၁၉၄/၄-၅၊ ပန်းတင်ရဲစခန်းအနီး မိုင်တိုင် ၂၁၈/၃-၅ ၊ သီးကုန်းရဲစခန်းအနီး မိုင်တိုင်၂၉၀/၀ နှင့် ၂၉၆/၀ ကြား၊ မိုင်တိုင် ၃၀၀/၀ နှင့် ၃၀၁/၀ ကြား၊ ပြင်စည်ရဲစခန်းအနီး မိုင်တိုင် ၃၀၅/၀ နှင့် ၃၀၆/၀ ကြား၊ မိုင်တိုင် ၃၁၈/၀ နှင့် ၃၁၉/၇ ကြား၊ စကားအင်းရဲစခန်း အနီး မိုင်တိုင် ၃၅၂/၅-၆ တွင် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သိရသည်။
“ဘောနီဘက်မှာ ဆိုရင် ၄၀/၃ ဖာလုံတို့၊ ၄၈ မိုင်တို့၊ ၅၂ မိုင်တို့ ဆိုရင် အဖြစ်များတယ်။ လမ်းဖြောင့်တယ်။ လမ်းကောင်းတယ်။ အဲဒီတော့ ယာဉ်မောင်းက သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတယ်။ အရှိန်မထိန်းနိုင်တာကြောင့်သော်လည်းကောင်း၊ တာယာကွဲတာရောကြောင့် ရော အကြောင်း တစ်ခုခုကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ ရဲစခန်းအပိုင် တစ်ခုချင်းစီအလိုက်မှာ ဒီမိုင်တိုင်တွေ မှာ အဖြစ်များတတ်တာတွေ့ရပါတယ်။’’ ဟု ဒုရဲမှူးမျိုးလင်းသန့် ကဆက်ပြောသည်။ယခုအချိန်သည် မိုးရာသီဖြစ်သောကြောင့် အမြန်လမ်းတွင် ယာဉ်မောင်းသူများအနေဖြင့် သတ်မှတ်မိုင်နှုန်း ထက်လျှော့ ၍ အန္တရာယ်ကင်းအောင် မောင်းနှင်သင့်ကြောင်း ၎င်းကဆိုသည်။ (Xinhua)