Environment, Disasters & Accidents
ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း၏ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုဝင်ဘာလ၌ သမ္မတထံ တင်ပြမည်
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများလေ့လာ စိစစ် သုံးသပ်ရေးကော်မရှင်မှ ဧရာဝတီ-မြစ်ဆုံနှင့် ပတ်သက်သော လေ့လာစိစစ် သုံးသပ်မှု ပထမ အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကော်မရှင်အနေဖြင့် ပထမအစီရင်ခံစာ မတင်သွင်းမီ လိုအပ်ပါက နိုင်ငံတော်သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်ပြနိုင်ရေး စီစဉ်ဆောင် ရွက်သွားမည်ဖြစ်သည်။
ကော်မရှင် အဖွဲ့ဝင်များသည် ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာမြစ်ကြီးနားမြို့သို့ သွားရောက်ကာ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး စီမံကိန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားထားသည်။
ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် Construction Power ပေးရန် တည်ဆောက်ခဲ့သည့် ချီဖွေငယ်ရေအား လျှပ်စစ်စက်ရုံသို့ ကော်မရှင်အနေဖြင့် သွားရောက်ခဲ့ရာ China Power Investment Corporation မှ တာဝန်ရှိသူများက ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးအတွက် လျှပ်စစ်ဓာတ်အား ပေးပို့ရန် ဆောင်ရွက်ထားမှု အခြေအနေများကို ပြန်လည်ရှင်းလင်း တင်ပြခဲ့သည်။
ယင်း စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုး သက်ရောက်မှုများ၊ စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ် ရေရှည် တည်တံ့နိုင်မှု အပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေနှင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေများ၊ စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့်၊မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် ပြည်ပရင်းနှီး မြှုပ်နှံသူတို့ အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေး ညှိနှိုင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များနှင့် သဘောထားအမြင်များ စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ တင်ပြနိုင်ရန် ကော်မရှင်အနေဖြင့် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)