Connect with us

Environment, Disasters & Accidents

၂၀၁၇ ဧပြီလဆန်းမှ စပြီး ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများ ရပ်စဲမည်

မြန်မာ့ သစ်တော မူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ စပြီး ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများ ရပ်စဲမည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာသစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီထွန်းက မီဒီယာသို့ ယနေ့ ပြောကြားသည်။

“ကျွန်တော်တို့ထုတ်ရမယ့် ပမာဏဟာ မြန်မာသစ်လုပ်ငန်း အနေနဲ့နိုင်နင်းတဲ့ ပမာဏ ဖြစ်နေပါပြီ။ ဟိုအရင်က sub contract ပေးခဲ့ရတယ်ဆိုတာကလည်း တိုင်းပြည် လိုအပ်ချက်အရ ထုတ်ရမယ့် သစ်ပမာဏ သည် ကျွန်တော်တို့ရှိတဲ့ အင်အားနဲ့ ထုတ်နိုင်တဲ့ ပမာဏထက် ပိုများနေလို့လိုအပ်ချက်အရ အပြင် အင်အား တွေကို ငှားသုံးတဲ့ သဘောပါ။ ဒီလိုငှားသုံးရင်းကနေ အငှားလုပ်ငန်း လုပ်တဲ့သူတွေက ကုမ္ပဏီတွေ ဖြစ်လာကြတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဆီကနေ သစ်ထုတ်ခွင့် စာချုပ်နဲ့လုပ်ကိုင်လာတဲ့ အနေ အထားမျိုး ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့လုပ်နိုင်တဲ့ ပမာဏထက် ငါးဆလောက် ပို လုပ်ခဲ့ရတာကိုး။လာမယ့် ၂၀၁၇ – ၁၈ မှာ ပုဂ္ဂလိက သစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေကို မပေးတော့ပါဘူး” ဟု နေပြည်တော် The Royal ACE hotel တွင် ယနေ့ပြုလုပ်သည့် “မြန်မာ့ သစ်တော မူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ” နေ့လယ်ပိုင်း ခေတ္တ နားချိန်တွင် ၎င်းက မီဒီယာကို ဖြေကြားခဲ့သည်။

ထိုသို့ ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများအား သစ်ထုတ်ခွင့်ကို ရပ်စဲလိုက်သော်လည်း မြန်မာ့ သစ်လုပ်ငန်း၌ ဆင်အင်အား မလုံလောက်ခဲ့လျှင် ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများထံမှ ဆင်ငှားရခြင်းမျိုးတော့ ရှိနိုင်သည်ဟု ဦးညီညီထွန်းက ပြောသည်။

“တစ်ခုတော့ ရှိပါတယ်။ ဥပမာ ကျွန်တော်တို့မှာ ဆင်အင်အား အလုံအလောက် ရှိတယ်။ ကျွန်း တန် တစ်သောင်းခွဲလောက်၊ သစ်မာကို တန် သုံးသိန်းခွဲလောက် ထုတ်မယ်။ အဲဒါဆိုရင် အရင် ဆင်အင်အားနဲ့လုံလောက်တယ်။ ဆင် လိုရင် ဆင်နည်းနည်း ငှားမယ်။ အရင်လို လုပ်ငန်း အပြတ် မပေးတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၇ ဧပြီလဆန်းတွင် ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများ မရှိတော့သော်လည်း စိုက်ပျိုးမြေ လုပ်ကိုင်ခွင့် ရရှိထားသူများ၏ အပြောင်ရှင်းသစ်များ သယ်ယူ ရောင်းချမှုတို့ကမူ ဆက်ရှိနိုင်သေးသည် ဆို၏။

“ကျွန်တော်တို့လုပ်ငန်း ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ “စိုက်ပျိုးမြေ အပြောင်ရှင်း” လုပ်ငန်းတချို့ ရှိချင် ရှိပါလိမ့်မယ်။ မြန်မာ့ သစ်လုပ်ငန်းသည် သစ်တောရဲ့ ခွင့်ပြုချက်နဲ့ထုတ်ပါတယ်။ ဒါပေမယ့် စိုက်ပျိုးမြေ အပြောင်ရှင်း လုပ်ငန်းကျတော့ ဒါကို တခြားဌာနက ပေးတာပါ။ ကျွန်တော်တို့မပေးပါဘူး။ စိုက်ပျိုးမြေ အပြောင်ရှင်းက ထွက်လာတဲ့ သစ်ကို သူတို့က ရောင်းချင်တဲ့အခါ သစ်ရောင်းပိုင်ခွင့် ရှိတဲ့ ဌာနသည် မြန်မာ့ သစ်လုပ်ငန်းပဲ ဖြစ်လို့ ၊ စိုက်ပျိုးမြေ အပြောင်ရှင်းသစ်တွေနဲ့ ပတ်သက်လို့ ဒီ စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ် စသဖြင့် ဒေသတွေမှာ ရှိတာနဲ့ ပတ်သက်လို့ပြောရရင် ကျွန်တော်တို့က ထုတ်တာ မဟုတ် ပါဘူး၊ အဲဒီ စိုက်ပျိုးမြေ လုပ်ပိုင်ခွင့် ရတဲ့ သူတွေက စိုက်ပျိုးမြေ အလို့ငှာ အပြောင်ရှင်းရင်းနဲ့ ထွက်လာတဲ့ သစ်တွေကို တရားဝင် ရောင်းခွင့်ရှိတဲ့ အဖွဲ့ အစည်း အနေနဲ့ ကျွန်တော်တို့က ဆောင်ရွက်ပေးရတာပါ။ အခု လက်ရှိမှာ တချို့နေရာတွေမှာ သစ်ထုတ်နေ တာတွေက ဒီသဘောပါပဲ” ဟု ဦးညီညီထွန်းက ရှင်းပြသည်။

မြန်မာ သစ်လုပ်ငန်းသည် လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျွန်း တန် တစ်သောင်းခွဲခန့်နှင့် သစ်မာ တန် သုံးသိန်းခွဲခန့်ထုတ်လုပ်သွားရန် လျာထားကြောင်း၊ ပဲခူးရိုးမက်ု ချန်လှပ်ထားပြီး ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံး ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.