Environment, Disasters & Accidents
ဆိုင်ကလုန်းမုန်တိုင်း “ဂါဂျာ”(Gaja) ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဂါဂျာ”(Gaja) ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင် တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)