Connect with us

Environment, Disasters & Accidents

မြန်မာတစ်နိုင်ငံလုံးတွင် ၅ နှစ်တာ ကာလအတွင်း သစ်ပင်ပေါင်း ၁၂၂ သန်းကျော်စိုက်ပျိုးခဲ့

သစ်ပင်ပေါက်လေးတစ်ပင်ကို လက်ခုပ်ဖြင့် ရေဖျန်းနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်ပင်ပေါင်း ၁၂၂ သန်းကျော် စိုက်ပျိုးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ဆင်ဟွာသို့ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် ပြောသည်။‌‌ဒေါ်ဇင်မာထွန်းက “တစ်နှစ်ကို ပျမ်းမျှအားဖြင့် အပင်ပေါင်း သန်း ၂၀ ကျော်လောက် စိုက်ပျိုးဖြစ်ပါတယ်။ အဲဒီ အပင်ပေါင်း သန်း ၂၀ ကျော်ထဲမှာ ဌာနက စိုက်တာတွေရှိတယ်။ ပုဂ္ဂလိက စိုက်ခင်းတွေနဲ့ စိုက်တာရှိတယ်။ နောက်တစ်ခါ ကျွန်မတို့ ပြည်သူလူထုက အပင်စိုက်ပွဲတော် အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ စိုက်ကြတာကို ကျွန်မတို့က ပျိုးပင်တွေစိုက်ပေးတာရှိတယ်” ဟုပြောသည်။

အပင်စိုက်ပျိုးသည့် စာရင်းဇယားများအရ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးခဲ့ကြောင်း ၎င်းကဆိုသည်။

“သစ်ပင်တွေစိုက်ပျိုးတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းက သိပြီးသားပါ။ သစ်ပင်တွေရှိလို့ ရာသီဥတုတွေက အရမ်းမပြင်းထန်တာ။ သစ်ပင်လေးတွေက ရာသီဥတုကို ထိန်းညှိပေးတယ်။ သစ်ပင်က အောက်ဆီဂျင်ကို ထုတ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူတယ်။ ဒါတွေကလည်း ကမ္ဘာမြေကြီးအတွက် ကောင်းတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

သစ်ပင်များကို စိုက်ပျိုးပြီးနောက် စနစ်တကျဖြင့် ထိန်းသိမ်းပြီး ခုတ်ရမည့် အပင်ကိုသာ ခုတ်သင့်ကြောင်း ၎င်းကဆိုသည်။“တကယ်တန်ဖိုးရှိတဲ့ သစ်ပင်တွေကို ထိန်းသိမ်းပြီး ကြီးမြန်သစ်ပင်တွေကို စိုက်ပျိုးတာမျိုးပေ့ါ။ ဥပမာအားဖြင့် ထင်းစိုက်ခင်းတွေပေ့ါ။ အဲဒါဆိုရင် ထင်းစိုက်ခင်းကနေ လောင်စာအဖြစ်လည်း ပေးတယ်ပေ့ါ” ဟု ဒေါ်ဇင်မာထွန်းက ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် သစ်ပင်စိုက်ပျိုးသည့်အခါ ၄ နှစ်မှ ၅ နှစ်အတွင်း ခုတ်လှဲပြီး ထင်းအဖြစ်အသုံးပြုနိုင်သော ကြီးမြန်သစ်ပင်အမျိုးအစားအမျိုးမျိုး၊ စီးပွားရေးစိုက်ခင်းအဖြစ် တန်ဖိုးရှိသည့် သစ်အမျိုးမျိုးအား စိုက်ပျိုးခြင်း၊ ဆည်မြောင်း၊ တာတမံ၊ မြစ်ချောင်းများ စီးဆင်းသည့်ဒေသတွင် ရေဝေရေလဲစိုက်ခင်း၊ ပင်လယ်ကမ်းရိုးတန်းများတွင် ဒီရေတောစိုက်ခင်း စိုက်ပျိုးခြင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်းဟူ၍ စိုက်ခင်းအမျိုးအစား အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“သစ်ပင်စိုက်ပျိုးဖို့အတွက် ကျွန်မတို့မှာ စီမံချက်တွေ၊ ရည်မှန်းချက်တွေရှိပြီးသားပါ။ သစ်ပင်စိုက်တယ်ဆိုတာက မြင်ရတဲ့ အကျိုးကျေးဇူးရော၊ မမြင်ရတဲ့ အကျိုးကျေးဇူးကိုရော ရလိမ့်မယ်။ သစ်ပင်တွေစိုက်ပြီးတဲ့အခါ အများပြည်သူအားလုံးကလည်း ကိုယ့်အနီးတစ်ဝိုက်မှာ ရှိနေတဲ့အပင်လေးတွေကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ပစ်ထားရင် စိုက်ထားတာတွေက အဟောသိကံဖြစ်မယ်။ ဒါကြောင့် အားလုံးက ကိုယ့်အနားက အပင်လေးတစ်ပင်တွေ့ရင် အပင်လေးရှင်သန်အောင် လုပ်ရင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်က အောင်မြင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အားလုံးသော ပြည်သူများလည်း ပူးပေါင်းပါဝင်ပေးဖို့ ပြောကြားလိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
Key words #သစ်ပင်စိုက်ပျိုးခြင်း #သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန #ဒေါ်ဇင်မာထွန်း

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.