Connect with us

Myanmar

အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၆ လ သက်တမ်းတိုးမြှင့်

အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-နစက)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံအတွင်း သာမန်မဟုတ်သည့်အခြေအနေများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ်၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ထပ်မံ အပ်နှံ ခဲ့ကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရေးပေါ်ကာလသက်တမ်းတိုးမြှင့်ခြင်းကို အစည်းအဝေးတက်ရောက်လာသော အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အဖွဲ့ဝင်များအားလုံး၏ ခွင့်ပြုချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာ/လုံ အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ရှစ်ယောက် နှင့် အထူးဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရေးပေါ်ကာလ တစ်နှစ် ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ (Xinhua)