Environment, Disasters & Accidents
ဘင်္ဂလားပင်လယ်အော်တွင် လှေမှောက်ပြီးနောက် ပျောက်ဆုံးနေသော ရုပ်အလောင်း ၁၇ လောင်း ရှာဖွေတွေ့ရှိ
ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော်တွင် လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် စစ်တွေမြို့နယ်အတွင်း ရှိ ကမ်းစပ်များ၌ ရုပ်အလောင်း ၁၇ လောင်းကို ပြန်လည်ရှာတွေ့ထားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးရာလက ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၁၀ ရက်တွင်ပြောသည်။
“ကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့ ရုပ်အလောင်းတွေကို ဩဂုတ် ၇ ရက် ကစတွေ့တာပါ။ ဩဂုတ် ၇ ရက်၊ ၈ ရက်၊ ၉ ရက် အထိ ရှာဖွေ ကယ်ဆယ်ရေးတွေ ဆောင်ရွက်တဲ့အခါမှာ စုစုပေါင်း ရုပ် အလောင်း ၁၇ လောင်း ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ လှေမှောက်တာပါ။ လှေပေါ်မှာ ၅၅ ဦးလောက် ပါလာတယ်လို့ခန့်မှန်းရတယ်။ အဲဒီထဲကမှ အသက်ရှင်တဲ့လူ ၈ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ဦးရာလကပြောသည်။
ယင်းလှေတွင် လိုက်ပါလာသူတို့သည် ဘူးသီးတောင်ဘက်မှ နေ၍ မလေးရှားဘက်သို့ သွားခြင်းဖြစ်ကြောင်း၊ မွတ်စလင်ဘာသာကိုးကွယ်သူများဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ကတော့ နောက်တစ်ပတ်လောက်အထိ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ဖောင်ဒေးရှင်းအနေနဲ့ ကူညီကယ်ဆယ်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ် ။ပြီးခဲ့တဲ့ ၄၊ ၅ ရက်က ကျွန်တော်တို့ ဘက်မှာ ရာသီဥတုဆိုးတယ်ဗျ။ ရေလည်းတက်နေတယ်။ ဒါကြောင့် လှေတိမ်းမှောက်တယ်လို့ ထင်ပါတယ်။ ဆက်လက်ပြီး ကျန်တဲ့ ရုပ်အလောင်း တွေကို ရှာနေပါတယ်” ဟု ဦးရာလက ဖြည့်စွက်ပြောကြားသည်။
ဒေသတွင်းမီဒီယာတစ်ခု တွင် ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့စက်လှေတစ်စီးဟာ ပြီးခဲ့သည့် သြဂုတ် ၇ ရက်က စစ်တွေမြို့နယ်ထဲမှ ဆာဘာရွာအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူများထဲမှ ရိုဟင်ဂျာ ၁၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ယခုကိစ္စနှင့် ပတ်သက်ပြီး သတင်းသိရှိရခြင်းမရှိသေးကြောင်း ဆင်ဟွာသို့ယနေ့ ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)