Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် လူ ၆ ဦး ဖမ်းဆီးခံရ

သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူတို့အား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် လူ ၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူတို့အား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

အဆိုပါ ဖမ်းဆီးခံရသူများမှာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၅ ဦး၊ ပြင်ဦးလွင်မြို့တွင် ၁ ဦး တို့ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက် ၁၂:၃၀ နာရီ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိကားဂိတ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဒေါ်သန်းသန်းဌေး၊ ဒေါ်မာရွှေ၊ သီဟ နှင့် ချစ်မင်းသူ တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့၏ကျောပိုးအိတ်များအတွင်းမှ ဘိန်းဆီခဲအလေးချိန် ၃၀ ကီလိုဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၄၀)၊ ဘိန်းစိမ်းအလေးချိန် ၁၆ ကီလိုဂရမ်(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ် ချက်အရ ၁၃:၃၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ဒေါ်သန်းသန်းအေး အား ၎င်းနေထိုင်သည့် မိတ္ထီလာမြို့၊ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူစက်တင်ဘာ ၃ ရက်၊ ၀၅:၃၀ နာရီ ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ၀က်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မူဆယ်မြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်မာဘောက်(ခ)ဂျာဘောက် သယ်ဆောင်လာသော လက်ဆွဲခြင်းများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄၄၀ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂,၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၈၆ သိန်း) တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါဖမ်းဆီးရမိသူ ၆ ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.