Connect with us

Myanmar

(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံ နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ

(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်းခန်းမ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော် အပြည်ပြည်ဆိုင်ရာအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi । အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်း (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ယနေ့ (အောက်တိုဘာ ၂၃ ရက် )နှင့် အောက်တိုဘာ ၂၄ ရက်တို့တွင် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ ၂၀ မိနစ်မှ ၉ နာရီ ၃၅ မိနစ်အထိ ကျင်းပ ရာ အလံကိုင်အဖွဲ့ ဝင်ရောက်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်း၊ မြန်မာနိုင်ငံတော်သီချင်းနှင့် အာဆီယံရဲအဖွဲ့သီချင်းများ တီးမှုတ်ဂုဏ်ပြုခြင်း၊ တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များအတွက် ဆုတောင်းစကားပြောကြားခြင်းနှင့် အမှတ်ရသောအားဖြင့် ၁ မိနစ် ငြိမ်သက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ် အစီအစဉ်ဖွင့်လှစ်ပေးခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်သည့်နေ့အထိမ်းအမှတ်အဖြစ် ၁၉၈၁ ခုနှစ်မှ ယနေ့အထိ အာဆီယံရဲအဖွဲ့၏ ဆောင်ရွက်ချက်များကို ဗီဒီယိုပြသခြင်း၊ အထူးဧည့်သည်တော်က အမှာစကားပြောကြားခြင်း၊ ဂုဏ်ထူးဆောင် ဧည့်သည်တော်က ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များဖြစ်သော မူးယစ်ဆေးဝါး မှောင်ခိုမှု (Illicit Drug Trafficking)၊ အကြမ်းဖက်မှု (Terrorism)၊ လက်နက်မှောင်ခိုမှု (Arms Smuggling)၊ လူကုန်ကူးမှု (Trafficking in Person)၊ တောရိုင်းတိရစ္ဆာန်ဆိုင်ရာပြစ်မှု (Wildlife Crime)၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု (Maritime Fraud)၊ စီးပွားရေးဆိုင်ရာမှုခင်း၊ ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိမ်လည်မှု (Commercial Crimes Bank Offences and Credit Card Fraud)၊ ဆိုက်ဘာရာဇဝတ်မှု (Cybercrime)၊ ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်မှု (Fraudulent Travel Document) နှင့် နိုင်ငံဖြတ်ကျော်လိမ်လည်မှု (Transnational Fraud) တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် တစ်နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ၂ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်တွင် အကြိမ် (၂၀) မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် (ယခု ရန်ကုန်ရှန်ဂလီလာဟိုတယ်) ၌ ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် (၃၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ဒုတိယအကြိမ် လက်ခံကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တတိယအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်ပြီး ညီလာခံ၏ဆောင်ပုဒ်မှာ “နိုင်ငံဖြတ်ကျော်မှုခင်း များတိုက်ဖျက်ဖို့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာအားကောင်းရေး ဆောင်ရွက်စို့ (Strengthening Regional and Global Partnerships to Combat Transnational Crime)” ဖြစ်ကြောင်း သိရသည်။ ( Xinhua)