Connect with us

Myanmar

မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ( နိုဝင်ဘာ ၄ ရက်) CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ အမျိုးသား ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလိုဂရမ်၊ အနံ့မှုန့် Vanillin ၇၅ ကီလိုဂရမ်၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အမျိုးသား ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန် သိုဝှက်ထားသော ပစ္စည်းများဖြစ်သည်ဟု သိရှိရကြောင်း သိရသည်။

ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.