Culture & Entertainment
မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်မြတ်၌ တန်ဆောင်တိုင်ပွဲတော်ကာလတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာပြက္ခဒိန်၏ ၈ လ မြောက် (အဋ္ဌမမြောက်လ) တန်ဆောင်မုန်းလပြည့်နေ့တွင် မီးထွန်းပွဲတော်ဟုလည်း ခေါ်ဆိုကြသည့် ရိုးရာတန်ဆောင်တိုင်ပွဲတော်အား ကျင်းပဆင်နွှဲလျက်ရှိသည်။
ယခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ဆွမ်းကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် သစ်သီးဝလံပန်းမန်များ ကပ်လှူပူဇော်ခြင်း အစရှိသဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် ပြည့်နှက်စည်ကားလျက် ရှိကြောင်း ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က ဆင်ဟွာကို ပြောခဲ့သည်။
မြန်မာနိုင်ငံရှိ နာမည်ကြီးနေရာများအနက် တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်တွင် လာရောက် ဖူးမြော်ကြည်ညို သူများဖြင့် စည်ကားလျက် ရှိနေသည်။ ပုံမှန်ရက်များတွင် ဘုရားဖူးပြည်သူ ၄၀,၀၀၀ ခန့် လာရောက်ကြပြီး သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကဲ့သို့ နေ့ထူးရက်မြတ် အခါသမယတွင် လူဦးရေ ၁၀၀,၀၀၀ ဝန်းကျင်လာရောက်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘုရားဖူးပြည်သူတချို့သည် မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲတွင် ပါဝင်ရန် တစ်ညလုံး ရွှေတိဂုံစေတီတော်၌ ရောက်ရှိနေကြသည်။ သင်္ကန်းရက်လုပ်ကာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်အစောပိုင်းတွင် ကပ်လှူပူဇော်သည့် ယင်းအခမ်းအနားက တန်ဆောင်တိုင်ပွဲတော်၏ အဓိက ရိုးရာထုံးတမ်းစဉ်လာများအနက် တစ်ခု ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အသက် ၂၁ နှစ်အရွယ်ရှိ မဝေဝေက “တန်ဆောင်တိုင်ပွဲတော်က ကောင်းမှုကုသိုလ် ပြုလုပ်ဖို့အတွက် အလေးထားရတဲ့ အချိန်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ပန်း၊ ရေချမ်း ကပ်လှူဖို့ ရွှေတိဂုံဘုရားကိုလာခဲ့တာပါ။ ဒါက မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလို့ မြင်မိပါတယ်” ဟု ဆိုသည်။
မိသားစုနှင့်အတူ လာရောက်ခဲ့သည့် အသက် ၄၄ နှစ်အရွယ်ရှိ ဒေါ်ခင်ပပလင်းက “မိသားစုဝင် ၇ ယောက်နဲ့အတူတူ လာခဲ့တာပါ။ စားစရာတွေလည်း ထည့်လာခဲ့ပြီးတော့ ဘုရားမှာ တစ်နေ့လုံးနေကြဖို့ စီစဉ်ထားတယ်” ဟု ပြောကြားခဲ့သည်။
တန်ဆောင်တိုင်ပွဲတော်က မြန်မာလူမျိုးများအတွက် အလေးထားရသည့် နေ့ထူရက်မြတ် အခါသမယအဖြစ် ရည်ညွှန်းပြောဆိုကာ ဘုရား၌တစ်နေ့တာ အချိန်များကုန်ဆုံးခြင်းဖြင့် ငြိမ်းအေးသော ခံစားမှုကို သိသိသာသာ ရရှိစေကြောင်း အသက် ၆၃ နှစ်အရွယ်ရှိ ဦးမောင်ညိုက ပြောကြားခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် ဘုရားစေတီများအပြင် လမ်းများတွင်လည်း ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် စတုဒိသာကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များအား လှူဖွယ်ပစ္စည်းများကပ်လှူ လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)