Myanmar
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃၂ ကီလိုဂရမ်ကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ကထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက် ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အမျိုးသား၂ ဦးအား တူးကရောင်း မော်တော်ယာဉ်တစ်စီး၊ CANTER မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဘိန်းဖြူပါ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ဆာလာအိတ် ၆၇ အိတ်အတွင်းမှ ဘိန်းဖြူ ၁၄၇ ဒသမ ၄ ကီလိုဂရမ် နှင့် ဆာလာအိတ် ၂၀ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက် ဖော်ထုတ်ဆက်များအရ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနောက်ဘက် တောစပ်ချုံအတွင်း ဝှက်သိမ်းထားခဲ့သည့် ဘိန်းဖြူပါ ဆပ်ပြာခွက်များထည့်ထားသည့် ဆာလာအိတ် ၈၄ အိတ်အတွင်းမှ ဘိန်းဖြူ ၁၈၄ ဒသမ ၈ ကီလို ဂရမ်ကို နိုဝင်ဘာ ၁၉ ရက်၌ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃၂ ဒသမ ၂ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများအား ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာမှ စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်း၍ ကျေးရွာချင်းဆက်လမ်းများမှ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ အား နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များဖြင့် ဝယ်ယူထားသည့် ALPHARD မော်တော်ယာဉ်နှင့် MARK II မော်တော်ယာဉ်တို့အား ချမ်းအေးသာစံမြို့နယ်တွင် ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)