Myanmar
မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးပေါ်၌ ကား၊ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်တို့ ၃ စီးဆင့်တိုက်မိပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးပေါ်၌ ဇန်နဝါရီ ၂၁ ရက် ည ၉ နာရီခန့်က ကား၊ သုံးဘီးဆိုင်ကယ် နှင့် ဆိုင်ကယ်တို့ ၃ စီးဆင့်တိုက်မိပြီး၊ အမျိုးသမီး ၁ ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၂၂ ရက်တွင် ပြောသည်။

မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးပေါ်၌ ကား၊ သုံးဘီးဆိုင်ကယ် နှင့် ဆိုင်ကယ် ၁ စီး ၃ စီးဆင့်တိုက်မှု ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ- ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)

မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးပေါ်၌ ကား၊ သုံးဘီးဆိုင်ကယ် နှင့် ဆိုင်ကယ် ၁ စီး ၃ စီးဆင့်တိုက်မှု ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ- ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)
“မော်လမြိုင်-ကျိုက္ခမီလမ်းမကြီး၊ ဂွေးကုန်းရပ် မဆရ ၅ အနီးမှာယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ ဖြစ်တာကတော့ မော်လမြိုင်ဘက်ကနေ မောင်းလာတဲ့ ပရိုဘောက်စ် ယာဉ်တစ်စီးက လားရာတူမောင်းနှင်လာတဲ့ ဘုရားပွဲသွားမယ့် သုံးဘီးဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကို တိုက်မိခဲ့တာပါ” ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
ပရိုဘောက်စ်ယာဉ်မောင်း တစ်ဦးအပါအဝင် ကလေး ၆ ဦး၊ လူကြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် အမျိုးသမီး ၁ ဦးမှာ ဆေးရုံအရောက် သေဆုံးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
“သုံးဘီးပေါ်မှာပါတဲ့ လူ ၁၀ ဦးက အကုန်လွင့်ထွက်သွားတာ။ ဒဏ်ရာရရှိသူ ၁၁ ဦးကတော့ ကလေး ၆ ဦး၊ လူကြီးကတော့ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးတို့ဖြစ်ပါတယ်။ ကလေး ၆ ဦးထဲက ၁ ဦးကတော့ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျန်တဲ့ လူနာတွေကတော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းကပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မုဒုံကန်ကြီးလူငယ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မိုးစေတနာလူမှုကယ်ဆယ်ရေးအဖွဲ့ တို့က လူနာတွေကို ပြုစုကုသပေးခဲ့ကြပြီး လူနာတင်ယာဉ် ၅ စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အခုလို လူအများကြီးပါတဲ့ ယာဉ်တိုက်မှုမျိုးက မော်လမြိုင်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကတည်းက မဖြစ်တော့တာ။ ဇန်နဝါရီ ၂၁ ရက် တစ်နေ့တည်းကို လူအများကြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်တိုက်မှု ၂ကြိမ် ဖြစ်ခဲ့ပါတယ်” ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။ (Xinhua)