Connect with us

Myanmar

၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် ခန့်မှန်းလူဦးရေ (၅၁ ဒသမ ၃) သန်းကျော်ရှိကြောင်း ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်ယာသန်းခေါင်စာရင်း ကောက်ယူမှုရလဒ်များအရ စုစုပေါင်း လူဦးရေ ၅၁,၃၁၆,၇၅၆ ဦး ရှိကြောင်း ပြည်သူ့အင်အားဦးစီးဌာန (DoP) က ထုတ်ပြန်ကြေညာချက်အရ သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းက ရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ (၅၁,၃၁၆,၇၅၆) ဦးဖြစ်ကြောင်း၊ ယင်းစာရင်းမှာ သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂,၁၉၁,၄၀၇) ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့်ဒေသများ၏ ခန့်မှန်းလူဦးရေ (၁၉,၁၂၅,၃၄၉) ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းတို့အနက် အမျိုးသား (၁၅,၁၀၅,၂၁၅) ဦး၊ အမျိုးသမီး (၁၇,၀၈၆,၁၉၂) ဦး ဖြစ်ပြီး၊ အမျိုးသား(၄၆ ဒသမ ၉) ရာခိုင်နှုန်း၊ အမျိုးသမီး (၅၃ ဒသမ ၁)ဖြစ်ကြောင်း၊ လူဦးရေ အချိုးကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် (၁၄ ဒသမ ၄) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် (၀ ဒသမ ၆) ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ (၇ ဒသမ ၇) သန်း သာရှိပြီး ၁၉၀၁ ခုနှစ်တွင် (၁၀ ဒသမ ၅)သန်း ၊ ၁၉၂၁ ခုနှစ်တွင် (၁၃ ဒသမ ၂)သန်း ၊၁၉၇၃ခုနှစ်တွင် (၂၈ ဒသမ ၉) သန်း၊ ၁၉၈၃ ခုနှစ်တွင် (၃၅ ဒသမ ၃)သန်း အထိ တိုးမြင့်လာပြီး ၂၀၁၄ ခုနှစ်တွင် (၅၁ ဒသမ ၅)သန်းရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁ ဒသမ ၃) သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် (၁၀)နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့် အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ် သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။
ပင်မအစီရင်ခံစာကို အသေးစိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားပြီး စာရင်းကောက်ခြင်းလုပ်ငန်းစဉ်ကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့ကြောင်းနှင့် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူခဲ့သည်များလည်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.