Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၅ ရက် ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ၇၁ (C) လမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် TOYOTA PROBOX မော်တော်ယာဉ်နှင့် SUPER CUSTOM မော်တော်ယာဉ်တို့ ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ လူ ၄ ဦးနှင့်အတူ SUPER CUSTOM ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ဆ/၂ ရပ်ကွက်၊ ၇၁ လမ်းရှိ နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၆,၄၉၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)