Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ

စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၂ သန်း ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ယနေ့ (ဇူလိုင် ၁၆ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမှ မန္တလေးသို့ မောင်းနှင်လာသော ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲအချိန် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၄)၊ မြို့ရှောင်လမ်းတွင် ၁၈ ဘီးတွဲယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂၅ သန်းနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၂ သန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)