Connect with us

Myanmar

မြန်မာနိုင်ငံ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သော ကဖင်း၊ အမိုနီယမ်ကလိုရိုဒ်နှင့် ဓာတုပစ္စည်း PROPIOPHENONE များဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ယနေ့ (ဩဂုတ် ၁၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော NISSAN CANTER ၆ ဘီးမော်တော်ယာဉ်နှင့် NISSAN CANTER ၆ ဘီးမော်တော်ယာဉ် ၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာ အား ဖမ်းဆီးရမိခဲ့ပြီး သတင်းကွင်းဆက်အရ ဩဂုတ် ၁၄ ရက် နံနက် ၈ နာရီအချိန် အဆိုပါနေရာတွင် ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကဖင်း ၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃၅ တန်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တာဝန်ခံပို့ဆောင်ခိုင်းသူအား ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းရှိဂိုဒေါင်တွင် HINO ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၅ တန်နှင့်လည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် အမျိုးသားနှစ်ဦးကို ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၅ တန်၊ CANTER ၆ ဘီးမော်တော်ယာဉ် ၁ စီး၊ မှန်လုံယာဉ် ၁ စီးတို့နှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား မြန်မာ – အိန္ဒိယနယ်စပ်မှ ကလေးမြို့သို့ သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)