Connect with us

Myanmar

၂၀၂၄ ခုနစ် မသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ပြေးခုန်ပစ်အားကစား ဝင်ရောက် ယှဉ်ပြိုင်မည်

မသန်စွမ်းအားကစားသမား စိုးပေ အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ထွက်ခွါစဉ် (ဓာတ်ပုံ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပမည့် မသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ပြေးခုန်ပစ်အားကစား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာ့မသန်စွမ်းအားကစားသမား စိုးပေဟာ သူ့ရဲ့နည်းပြရယ် မန်နေဂျာရယ် အတူ ပါရီမသန်စွမ်းအားကစားပြိုင်ပွဲအတွက် မနေ့က ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်” ဟု အဖွဲ့ချုပ်အတွင်းရေးမှူး ဦးထွန်းနိုင်ဦးက ဆိုသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာ့မသန်စွမ်းအားကစားသမား စိုးပေတစ်ယောက်သာ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်မှာ မလွယ်ကူသည့်အတွက် မြန်မာကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ၎င်းအတွက် ဂုဏ်ယူကြောင်း ဦးထွန်းနိုင်ဦး ကဆိုသည်။

“အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရခဲ့တဲ့အတွက် မသန်စွမ်းကော်မတီက စိုးပေကို ဖိတ်ကြားထားပါတယ်” ဟု ဦးထွန်းနိုင်ဦးက ပြောသည်။

မြန်မာ့ မသန်စွမ်းအားကစားသမား စိုးပေသည် ပဲရစ်မသန်စွမ်းအားကစားပြိုင်ပွဲ၌ အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ T64 ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှ သိရသည်။

၂၀၂၄ ခုနှစ် ပဲရစ်မသန်စွမ်းအားကစားပြိုင်ပွဲကို ဩဂုတ် ၂၈ မှ စက်တင်ဘာ ၈ ရက်ထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.