Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-  CCDAC MYANMAR)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၃၇ ကီလိုဂရမ်နှင့် Happy Water ၆ ဒသမ ၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ယနေ့(စက်တင်ဘာ ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၃၇ ကီလိုဂရမ် နှင့် Happy Water ၆ ဒသမ ၅ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ၂ ဦးကို ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအနီး၊ ပျော်ဘွယ် – တောင်ကြီးသွားကားလမ်းတွင် PAJERO မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ  ၃ ဦးအား ည ၁၁ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၅၉ x ၆၀ လမ်းကြားရှိ ဟိုတယ်တွင် LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
#CCDACMYANMAR  #မြန်မာနိုင်ငံ #ဆင်ဟွာ    #မူးယစ်ဆေးဝါး