Myanmar
မြန်မာနိုင်ငံ နေပြည်တော်တွင် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဆောင်ပုဒ်ကို # POSTFORPEOPLE: Local Service. Global Reach. (ပြည်သူများအတွက်စာပို့တိုက် – ပြည်တွင်းဝန်ဆောင်မှုမှသည် ကမ္ဘာတစ်ဝန်းဆီ) ဟု ယူပီယူမှ ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်သည် ပြည်သူလူထုအတွက် မြို့ပြမှ ကျေးလက်တောရွာမကျန် စာပို့တိုက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ချိတ်ဆက်မှုအတွက် စာပို့တိုက်ဝန်ဆောင်မှုကဏ္ဍသည် အဓိကအခန်းကဏ္ဍမှပါဝင် ထမ်းဆောင်နေသည်ကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအပါအဝင် နိုင်ငံတော်နှင့် ကမ္ဘာတစ်ဝန်းလုံးအတွက် ဆက်လက်လုပ်ဆောင်သင့်သည့် မျှော်မှန်းလမ်းညွှန်ချက်တစ်ခုလည်းဖြစ်ကြောင်း ပြောကြားသည်။
ယင်း အခမ်းအနားတွင် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် ပြည်တွင်းစာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကျင်းပသည့်ကာလတွင် (၁၅၁) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်း၌ စာပို့တိုက်လုပ်ငန်းများ ကာလအလိုက် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာတမ်းများ၊ လုပ်ငန်းဆိုင်ရာ ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)