Connect with us

Myanmar

မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပမှုအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ဆိုင်ရာမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အဓိကကျသည်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်ပြီး ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိမှသာလျှင် ပြည်သူများသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကောင်းစွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း
နိုင်ငံတော်နှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန် စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါ အခမ်းအနားတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ NCA လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ဦးဇိုရမ်နှင့် စိုင်းထွန်းကြည်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် NCA လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ NCA လက်မှတ်ရေးထိုးခဲ့သည့် အသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun ၊ အိန္ဒိယနိုင်ငံ အသိသက်သေနှင့် နိုင်ငံခြားရေးအတွင်းဝန်ကိုယ်စား အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ ထိုင်းနိုင်ငံမှ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ (APRC) ၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း H.E. Mr. Pisanu Suvanajata နှင့် NCA လက်မှတ်ရေးထိုးထားသူ ဦးအောင်မင်းတို့က NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ” ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ MICC 1 တွင် အောက်တိုဘာ (၁၅) ရက်မှ (၁၇) ရက်အထိ ကျင်းပလျက်ရှိသည်။(Xinhua)