Connect with us

Myanmar

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ပြန်လည်ထူထောင်ရေးအတွက် ဖြည့်စွက်ခွင့်ပြုငွေ ၂၀၆၉.၃၃၆ ဘီလီယံခွင့်ပြု

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတစ်ခုကို ၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ပြန်လည်ထူထောင်ရေးအတွက် ဖြည့်စွက်ခွင့်ပြုငွေ ၂၀၆၉.၃၃၆ ဘီလီယံခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်အရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေမှာ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ ကိစ္စရပ်များတွင် ပြန်လည် ထူထောင်ရေး အသုံးစရိတ်များနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများ၌ အသုံးပြုရန်အဓိကထား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

နေပြည်တော်တွင် အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို တက်ရောက်အမှာစကား ပြောကြားရာမှာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် ယာယီသမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက “အခုဖြည့်စွက်ခွင့်ပြုငွေက ဘယ်ဝန်ကြီးဌာနကို ဘယ်လောက်ဆိုပြီး သက်ဆိုင်ရာလုပ်ငန်းအလိုက် ခွင့်ပြုပေးတာပါ။ ဒီလိုခွင့်ပြုပေးတဲ့အတွက် သက်ဆိုင်ရာ လုပ်ငန်းအလိုက် အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၃၀ ရက်တွင်ပြောသည်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင်အခြေခံအဆောက်အအုံများ ပြုပြင်ထိန်း သိမ်းရန်၊ အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန်၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများသို့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားသည့် အသုံးစရိတ်များအနက် အထွေထွေပိုလျှံရန်ပုံငွေအဖြစ် ပြန်လည်အပ်နှံငွေကျပ် ၂,၀၆၉ .၃၃၆ ဘီလီယံကို အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲကို လွှဲပြောင်းထည့်ပေးခဲ့ပြီး ဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။

မန္တလေးငလျင်ကြီးက ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်၌ အင်အား ၇.၉ မဂ္ဂနီကျုဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)