Myanmar
မြန်မာနိုင်ငံမြောက်ပိုင်းတွင် စိတ်ကြွဆေးပြား ၃၅၀,၀၀၀ ကျော်နှင့် ဘိန်းဖြူ ၂.၉၇ ကီလိုဂရမ်ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆,၄၀၀ နှင့် ဘိန်းဖြူ ၂.၉၇ ကီလိုဂရမ်ကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar ) ၏ နိုဝင်ဘာ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၀ ရက် နေ့လယ် ၁၃း၀၀ နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်နေ မညိုမီထွန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၂.၉၇ ကီလိုဂရမ်(ဒေသကာလတန်ဖိုး ငွေကျပ် ၇၄၂.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆,၄၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၅,၃၄၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မညိုမီထွန်း (၅၂) နှစ်အား မိုးကောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
