Connect with us

Myanmar

မြန်မာနိုင်ငံတွင် သိပ္ပံပွဲတော် ၂၀၂၅ နေပြည်တော်၌ ကျင်းပ

နေပြည်တော်၌ သိပ္ပံပွဲတော် ၂၀၂၅ ကျင်းပနေမှုအား တွေ့ရစဥ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နို၀င်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တို့ပူးပေါင်းပြီး သိပ္ပံပွဲတော် ၂၀၂၅ ကို နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နို၀င်ဘာ ၂၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ သိပ္ပံပွဲတော် ၂၀၂၅ တွင် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကကျင်းပခဲ့သည့် သိပ္ပံပွဲတော်များ၏ မှတ်တမ်းဗီဒီယိုများကို ပြသ၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သိပ္ပံပွဲတော်ကျင်းပခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများတိုးပွား လာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းများ လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း သိပ္ပံပွဲတော်ကို Naypyitaw State Polytechnic University (NSPU)၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပ၍ အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် နျူကလီးယားဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပြုလုပ်ကာ ဂုဏ်ပြုဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သိပ္ပံပွဲတော်တွင် Oliver Stone “Nuclear Now”မှတ်တမ်းရုပ်ရှင်နှင့် “ATOM Egypt ENG Master” နှင့် “The City Falls Asleep” မှတ်တမ်း ရုပ်ရှင်တိုများပြသခြင်း၊ “Nuclear Technology in Everyday Life5” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခြင်းနှင့် နျူကလီးယားဆိုင်ရာ အသိပညာများမျှဝေခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)