Myanmar
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲဆန္ဒရှင် ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် မဲဆန္ဒရှင် ၅၂.၁၃ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်ရမည့် မြို့နယ် ၃၃၀ ရှိသည့်အတွက် မြို့နယ် သုံးပုံတစ်ပုံ၌ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မဲပေးခွင့်ရှိသူ ၂၄.၂၆ သန်းကျော် ရှိကြောင်း၊ အပိုင်း(၁)အတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင် ၁၁.၆၉ သန်းကျော်ရှိပြီး မဲဆန္ဒရှင် ၆.၀၉ သန်းကျော် မဲပေးခဲ့ကြောင်း၊ သို့ဖြစ်၍ မဲပေးသူ ၅၂.၁၃ ရာခိုင်နှုန်း ရှိကြောင်း ဗိုလ်ချုပ်က ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပါတီ (၆) ခု အပါအဝင် နိုင်ငံရေးပါတီ ၅၇ ခုသည် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၄,၈၆၃ ဦးသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ အပိုင်း (၁) တွင် နိုင်ငံ (၉) နိုင်ငံမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ကာ မဲရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံး ၁၄ ခုမှ ဝန်ထမ်း ၃၁ ဦးနှင့်အတူ ပြည်တွင်းမီဒီယာအဖွဲ့အစည်း ၅၂ ခု၊ သတင်းထောက် ၁,၁၇၇ ဦး၊ နိုင်ငံခြားမီဒီယာအဖွဲ့အစည်း ၆၁ ခုနှင့် နိုင်ငံခြားသတင်းထောက် ၂၁၅ ဦးတို့က ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲနေ့တွင် ကချင်၊ ကယား၊ ကရင်၊ တနင်္သာရီ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများရှိ မြို့နယ် ၁၁ ခုတွင် မိုင်းများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများနှင့် ယာဉ်အတားအဆီးများ အပါအဝင် တိုက်ခိုက်မှုများပြုလုပ်ခံခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများ ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲအရာရှိများနှင့် မဲဆန္ဒရှင်များ ပူးပေါင်းမှုနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
အစိုးရအနေဖြင့် ရွေးကောက်ပွဲစီစဉ်ရာတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်း ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နှင့် ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အပိုင်း(၂)နှင့် အပိုင်း(၃)တို့ အောင်မြင်စေရန် ကြိုးပမ်းအားထုတ်ရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပြုစုထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ (Xinhua)

၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မဲလာရောက်ပေးသူများအား တွေ့ရစဥ်(ဆင်ဟွာ)
