Culture & Entertainment
မြန်မာနိုင်ငံတွင် (၆၆) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ နေပြည်တော်တွင် ကျင်းပ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/10d01.jpg)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် (၆၆) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအား နေပြည်တော်၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သောသတင်းများအရ သိရသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုအား မင်းသားကြီး ဦးကြည်စိုး၊ အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများဖြစ်သော အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်”ဇာတ်ကားဖြင့် ကောင်းဇံ၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီဓိရာမိုရ်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို “မီး” ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့်ရဲဝင်း၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို “နှောင်” ဇာတ်ကားဖြင့် အာကာကျော်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အေးသီရိကို၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဇာတ်ကားဖြင့် Taurus V production၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အထူးဆုအဖြစ် “နှောင်” ဇာတ်ကားဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ)၊ရုပ်ရှင်ဒါရိုက်တာဆုကို “ အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “ဘိုးတော်ကင်း” ဇာတ်ကားဖြင့် ခြူးလေး၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို “မီး” ဇာတ်ကားဖြင့် အေးချမ်းမောင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို “နှောင်”ဇာတ်ကားဖြင့် အကယ်ဒမီ နေတိုးတို့က ရရှိခဲ့ကြောင်း သိရသည်။ယင်းဆုချီးမြှင်ပွဲတွင် တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ( Myanmar Academy Fashion Awards)ကို အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည်၊ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို နန်းစုရတီစိုးတို့ကရရှိခဲ့ကြောင်း သိရသည်။ယခုနှစ်အကယ်ဒမီဆုပေးပွဲအတွက် ရွေးချယ်ရေးအဖွဲ့သည် ဇာတ်ကား ၄၉ ကားကို အကဲဖြတ်ခဲ့ပြီး နောက်ဆုံးအဆင့်အတွက် ဆန်ကာတင် ၁၈ ကားစာရင်းဝင်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးရုပ်ရှင်ရိုက်ကူးသူများနှင့် အနုပညာသမားများက မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းရန်၊ နိုင်ငံခြားယဉ်ကျေးမှုလွှမ်းမိုးမှုများကို ရှောင်ရှားရန်နှင့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် တိုင်းပြည်ကို အကျိုးပြုရန်အတွက် ၎င်းတို့၏အရည်အချင်းများကို အသုံးပြုရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ပြည်တွင်းရုပ်ရှင်ထုတ်လုပ်ရေးကို အားပေးရန် ရည်ရွယ်၍ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ၁၉၅၂ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)