Myanmar
မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၂၉,၇၀၀ ပြား သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မကြာသေးမီရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၂၉,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ ဖေဖော်ဝါရီ ၂၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်က သံသယဖြစ်ဖွယ် မော်တော်ယာဉ်နှစ်စီးကို သတင်းအရရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းအမှုနှင့်စပ်လျဉ်း၍ သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း CCDAC Myanmar က သတင်းဖော်ပြခဲ့သည်။
ထို့ပြင် ရဲတပ်ဖွဲ့က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက်က မော်တော်ဆိုင်ကယ်တစ်စီးကို ကြားဖြတ်စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျူးလွန်သူ ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ ဒေသကာလတန်ဖိုး ကျပ် ၃၅၉.၄ သန်း ရှိကြောင်း သိရသည်။ (Xinhua)

ဖမ်းဆီးမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)